ဂေဟစနစ်ကို ဖျက်ဆီးနိုင်သော စုပ်ခွက်ငါးများ (ယခင်အပတ်မှ အဆက်)

ဂေဟစနစ်ကို ဖျက်ဆီးနိုင်သော စုပ်ခွက်ငါးများ (ယခင်အပတ်မှ အဆက်)

စုပ်ခွက်ငါး

စုပ်ခွက်ငါးများကြောင့် မွေးမြူရေးငါးများ အစာလုံလောက်မှု မရှိခြင်း၊ မွေးမြူရေးငါးများ၏ နေရာကို ခွဲဝေယူထားခြင်းတို့ကြောင့်ရေရှည်အတွက် အောက်ပါအတိုင်း ဆောင်ရွက်ရပါမည်-
-    စုပ်ခွက်ငါးကို မွေးမြူရေးငါးများ၏ ငါးအစာအဖြစ် ပြုပြင်အသုံးချခြင်း၊
-    စုပ်ခွက်ငါးကိုစားသုံးရန် တီထွင်လမ်းကြောင်းဖော်ထုတ်ခြင်း၊
-    စုပ်ခွက်ငါးများ၏ အာဟာရတန်ဖိုးကို စစ်ဆေးတိုင်းတာ ခြင်း၊စားသုံးရန် ပညာပေးလှုံ့ ဆော်ခြင်း

စုပ်ခွက်ငါးအန္တရာယ်မှ ကာကွယ်ခြင်း

ငါးမွေးကန်များတွင် ကန်အောက်ခြေရှိ အပုပ်အဆွေးများကို ပုံမှန်ရှင်းလင်းပေးခြင်း၊ကန်အောက် ခြေရှိ ရေကို (၁-၂)ပေခန့်ကို လစဥ်ရေသစ်လဲပေးခြင်း၊ပိုက်စိပ်ဖြင့် ငါးကန်အောက်ခြေကို ဂျမ်းတိုက်ဆွဲပြီး စုပ်ခွက်ငါးကြီး၊ ငါးသေးများအားလုံးကို ဖမ်းယူဖယ်ရှားခြင်းဖြင့် အတော် အတန်ရှင်းလင်းနိုင်ပါသည်။

အကောင်းဆုံးမှာ ငါးကန်ကို ရေခန်းပြီး ငါးရိုင်းအားလုံးကို ရှင်း လင်းခြင်း၊ကန်ကို နေခြောက်လှမ်းခြင်း ရေသစ်သွင်းသည့်အခါ ဇကာစိပ်ဖြင့် အဆင့်ဆင့်စစ်ခြင်းဖြင့် ကြို တင်ကာကွယ်နိုင်ပါသည်။ အဆိုပါငါးမျိုးအား ကန်ထဲရောက်မှ ရှင်း လင်းခြင်းထက် ကန်ထဲမရောက်လာစေရန် ကြိုတင်ကာကွယ်ခြင်းက ပိုထိရောက်ပါသည်။

စုပ်ခွက်ငါး(ပလီကို)ကို စားသုံးရန် စျေးတင်ရောင်းပြီး ချက်ပြုတ်နည်း ဖော်ပြထားခြင်းမျိုးကို ရှာဖွေနေဆဲ ဖြစ်ပါသည်။လက်တင်အမေရိကနိုင်ငံတချို့တွင် ငါးကင်လုပ်စားကြပြီး မြန်မာနိုင်ငံတွင်လည်း ငါးက င်ပြုလုပ်၍ အပျော်စားကြသည့် အခြေအနေလောက်ကိုသာ သိထားရပါသည်။ စားသည့်အခါတွင်လည်း ငါး၏ရှေ့ဘက် အမာပိုင်းကို ဖယ်ပြီး စားရသည်ဟုသိရသည်။သို့သော် ငါးရိက္ခာဖူလုံရေးနှင့်လူသားများအတွက် အာဟာရပိုမိုဖြည့်ဆည်းပေးနိုင်ရန် စုပ်ခွက်ငါးများကို စနစ် တကျချက်ပြုတ်စားသောက်နိုင်ရေး အတွက် နည်းလမ်းများကို ပူးပေါင်းရှာဖွေသွားရမည် ဖြစ်သည်။

အသိပညာပေးခြင်း

ယခင်က အလှမွေးငါးအဖြစ် ပြည်ပမှတင်သွင်းလာသည့် စုပ်ခွက်ငါးများသည် ယခုအခါ မြန်မာနိုင်ငံ၏ မြစ်၊ ချောင်းများတွင် ပျံ့နှံ့ရုံသာမက ငါးမွေးမြူရေးကန်များအတွင်း ဝင်ရောက်မှုကြောင့် အဓိကထားမွေးမြူထားသော ငါးများနှင့်အပြိုင် အစာလုယူစားသုံးနေပါသဖြင့် အစာပိုမိုကုန်ကျပြီး လုပ်ငန်းရှင်များအရှုံးပေါ်ခြင်း၊ အဆိုပါငါး၏ဆူးတောင်မှာ မွေးမြူရေးငါးများ၏ ခန္ဓာကိုယ်အရေပြား၊ အကြေးခွံများကို ဒဏ်ရာအနာတရဖြစ်စေ၍ ရောဂါဖြစ်ပေါ်ခြင်း၊ နေထိုင်သည့်ဓလေ့ကြောင့် ကန်အောက်ခြေတာပေါင်များ ပျက်စီးစေပြီး ရေရှည်တွင် မြန်မာ့ဒေသရင်းငါးမျိုးစိတ်များနှင့် ရေမြေသဘာဝကိုပါ ထိခိုက်ပျက်စီးစေနိုင်ကြောင်း တွေ့ရှိရပါသည်။

သို့ပါသောကြောင့် အလှမွေးငါးဖြစ်သော စုပ်ခွက်ငါးကို မွေးမြူမည်ဆိုပါက ပြင်ပသို့ လွတ်ထွက်စေခြင်းမရှိစေရေး အထူးဂရုပြုဆောင် ရွက်ကြရန်နှင့် စုပ်ခွက်ငါးများအား သဘာဝရေပြင်တွင်တွေ့ရှိပါက ရေ သတ္တဝါအစားထိုးကုန်ကြမ်းအဖြစ် အသုံးပြုကြရန်(သို့မဟုတ်) သင့် လျော်သောနည်းလမ်းဖြင့် ဖယ်ရှားဖျက်ဆီးပါရန် ငါးလုပ်ငန်းဦးစီးဌာနမှလည်းပညာပေးနှိုးဆော်ထားပါသည်။

စုပ်ခွက်ငါး အသုံးဝင်ပုံ

စုပ်ခွက်ငါးများသည် အသားဓာတ်အထွက်နှုန်း နည်းပါးခြင်း၊ ပြာမှုန့်ပါဝင်မှု မြင့်မားခြင်း၊ အပြင်ဘက်အခွံမာကျောသဖြင့် ကိုင်တွယ်ရခက်ခဲခြင်းတို့ကြောင့် အသုံးမဝင်  သည့်အတွက် အခြောက်လှန်း၍ အာဟာရဗေဒဆိုင်ရာပါဝင်မှုအရ တိရစ္ဆာန်အစာအဖြစ် ပြင်ဆင်မှုတွင် ငါးစာမှုန့်အဖြစ် အသုံးပြုခြင်း၊  အခွံနှင့် အရိုးများသည် ကယ်လ်စီယမ်ဓာတ် ပါဝင်ခြင်းများကြောင့် ဖြည့်စွက်အစာအစားထိုးကုန်ကြမ်းအဖြစ် အသုံးပြုခြင်းတို့ကို ဆောင်ရွက် နိုင်ပေသည်။

ကယ်လီဖိုးနီးယားပြည်နယ်မှ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် စုပ်ခွက်ငါးများကို ခွေးစာနှင့် ကြောင်စာပြုလုပ်ရန် ဆုံး ဖြတ်ချက်ချလိုက်သည့်အချိန်တွင် အဆိုပါစုပ်ခွက်ငါးပြဿနာမှာ အတော်လေးပြေလည်သွားခဲ့သည်။ စုပ်ခွက်ငါးကို အသားလွှာပြီး ယင်းအသားလွှာများကို ငါးအသားခြောက်ရသည်အထိ အဆင့်ဆင့်ပြုလုပ်ရပါသည်။ထို့နောက် အဆိုပါ ငါးအသားခြောက်များကိုသေသပ်စွာထုပ်ပိုးပြီး တိရစ္ဆာန်အစာရောင်းသော ဆိုင်များသို့ တင်သွင်းကြပါသည်။ စုပ်ခွက်ငါးကို ငါးအသားခြောက်အဖြစ် ရောင်းရတာပိုအဆင် ပြေသည်ဟု သိရသည်။စုပ်ခွက်ငါး အသားခြောက်ကို ၂၀၂၁ တွင် တိရစ္ဆာန်အစာအဖြစ် စထုတ်ခဲ့ခြင်းဖြစ်ပြီး ၄င်းတွင် အဆီပါဝင်မှုနည်း ပါးသောကြောင့် ခွေးနှင့်ကြောင်များ ကြိုက်နှစ်သက်ကြပြီး အများအပြား ရောင်းရသည်ဟု သိရသည်။

အချုပ်အားဖြင့် ဆိုရသော်-

တိုင်းရင်းငါးမျိုးမဟုတ်သည့် စုပ်ခွက်ငါးများသည် သဘာဝရေပြင်အတွင်းသို့ လွတ်မြောက်ခဲ့သော် (သို့မဟုတ်)လွှတ်မည်ဆိုပါက သဘာဝအရင်းအမြစ်များကို ပျက်စီးစေနိုင်ပြီး အန္တရာယ်ရှိသော ငါးမျိုးစိတ်ဖြစ်ပါသည်။သို့ပါသောကြောင့် အလှမွေးငါးဖြစ်သော စုပ်ခွက်ငါးကို မွေးမြူမည်ဆိုပါက ပြင်ပသို့လွတ်ထွက်စေခြင်း မရှိစေရေး အထူးဂရုပြုဆောင်ရွက်ကြရန်နှင့် စုပ်ခွက်ငါအားသဘာဝရေပြင်တွင် တွေ့ရှိပါကရေသတ္တဝါအစားထိုးကုန်ကြမ်းအဖြစ်အသုံးပြုကြရန် (သို့မဟုတ်)သင့်လျှော်သောနည်း လမ်းဖြင့် ဖယ်ရှားဖျက်ဆီးကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။

ပင်လယ်ပြာ(ငါးဦးစီး)

References;
(1)Fish Base of Myanmar 
(2)Inland Fisheries of Myanma