အိန္ဒိယနိုင်ငံတွင် ပဲစျေးနှုန်းများတက်လာခြင်းကြောင့်- စားတော်ပဲ၊ ပဲစင်းငုံနှင့် မတ်ပဲတို့၏ သိုလှောင်ထားရှိမှုလက်ကျန်စာရင်းကို ပုံမှန်ကြေညာရန် ကုန်သည်များအား တောင်းဆိုလာနိုင်

အိန္ဒိယနိုင်ငံတွင် ပဲစျေးနှုန်းများတက်လာခြင်းကြောင့်- စားတော်ပဲ၊ ပဲစင်းငုံနှင့် မတ်ပဲတို့၏ သိုလှောင်ထားရှိမှုလက်ကျန်စာရင်းကို ပုံမှန်ကြေညာရန် ကုန်သည်များအား တောင်းဆိုလာနိုင်

အိန္ဒိယနိုင်ငံ၏ အချို့သောဈေးကွက်များတွင် ပဲစျေးနှုန်းများ မြင့်တက်နေသည့်အတွက် စားတော်ပဲ၊  ပဲစင်းငုံနှင့် မတ်ပဲ သိုလှောင်ထားရှိမှုလက်ကျန်စာရင်းကို ကုန်သည်များနှင့် လက်လီ ရောင်းချသူများမှ မဖြစ်မနေတင်ပြရန် အစိုးရမှ စီစဉ်လျက်ရှိကြောင်း The Economic Times သတင်းစာတွင်ဖော်ပြထားပါသည်။ 

ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း အချို့သောဈေးကွက်များတွင် ပဲမျိုးစုံစျေး နှုန်းများမြင့်တက်ခဲ့ပြီး ပဲစင်းငုံဈေးသည် ယခင်လနှင့် နှိုင်းယှဉ်ပါက ဧပြီလအစတွင် ၁၀၀ ကီလိုဂရမ် လျှင် ရူပီး ၁၀၀ တက်လာခဲ့ကြောင်း၊  ပဲတီစိမ်းနှင့် ပဲနီလေးတို့၏ ဈေးနှုန်းမှာလည်း  အလားတူမြင့် တက်လာသည်ကိုတွေ့ရကြောင်းနှင့်  ပဲမျိုးစုံဈေးနှုန်းများ မြင့်မားလာခြင်းသည် အစိုးရအတွက် စိုးရိမ်စရာ အကြောင်းရင်းတစ်ခုဖြစ်ကြောင်း သိရှိရသည်။ 

အိန္ဒိယအစိုးရက ၂၀၂၃-၂၀၂၄ (ဇူလိုင်-ဇွန်) သီးနှံနှစ်တွင် ပဲစင်းငုံသည် တန်ချိန် ၃.၃၃ သန်း ထွက်ရှိမည်ဖြစ်ကြောင်းနှင့်  ယခင်နှစ်ထက် အနည်းငယ်လျော့နည်းမည်ဟု  ခန့်မှန်းထားကြောင်း၊  ၂၀၂၃ ခုနှစ်တွင် ပြည်ပမှ တန်ချိန် ၀.၇၇ သန်း တင်သွင်းခဲ့သော်လည်း စားသုံးသူရေးရာဦးစီးဌာန၏ အဆိုအရ ပဲစင်းငုံလက်လီဈေးသည် တစ်ကီလိုလျှင် ရူပီး ၁၆၀ ကျော် ဖြစ်ပေါ်ခဲ့ကြောင်းနှင့်  ပဲစင်းငုံ လက်လီဈေးသည် ပဲမျိုးစုံတွင် အမြင့်ဆုံးဖြစ်ခဲ့ကြောင်း သိရသည်။ 

ပဲမျိုးစုံလက်ကားဈေးအညွှန်းကိန်းသည် ဇန်နဝါရီလတွင် ၁၆.၀၆%မှ ဖေဖော်ဝါရီလတွင် ၁၈.၄၈% မြင့်တက်ခဲ့ကြောင်းနှင့်  ဧပြီလမှ မေလအတွင်း ကျင်းပရန် စီစဉ်ထားသည့် အထွေထွေ ရွေးကောက်ပွဲနှင့်အတူ အစိုးရသည် ပို့ကုန်ကန့်သတ်ချက်များချမှတ်ခြင်း၊ သိုလှောင်ထားရှိမှု ပမာဏ အားကန့်သတ်ခြင်း၊ အရန်ကုန်စည်များအား ချရောင်းခြင်းနှင့် သွင်းကုန်ခွန်များ ဖယ်ရှားခြင်း စသည် ဖြင့် စားသောက်ကုန်ဈေးနှုန်းများမြင့်တက်မှုကိုတားဆီးနိုင်ရန် ကြိုးပမ်းမှုများစွာ ပြုလုပ်ခဲ့သည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလအစောပိုင်းတွင် ဗဟိုအစိုးရသည် စားတော်ပဲကို ၂၀၂၄ ခုနှစ် မတ်လ အထိ အခွန်ကင်းလွတ်ခွင့်ဖြင့်တင်သွင်းခွင့်ပြုခဲ့ကြောင်းနှင့်  လွန်ခဲ့သည့်လအနည်းငယ်အတွင်း စား နပ်ရိက္ခာဖောင်းပွမှုကိုထိန်းထားနိုင်ရန်နှင့် ပဲဈေးနှုန်းများတည်ငြိမ်မှုရှိစေရန် ကြိုးပမ်းမှုတစ်စိတ် တစ်ပိုင်းအနေဖြင့် ဧပြီလအထိ သက်တမ်းတိုးခဲ့ကြောင်း၊  စားတော်ပဲများ များစွာတင်သွင်းနေသော် လည်း စျေးကွက်နှင့် စားသုံးသူများ  လက်လှမ်းမမီဖြစ်နေသဖြင့်  သိုလှောင်ထားရှိမှု လက်ကျန်အား မဖြစ်မနေထုတ်ဖော်ခြင်းကဲ့သို့သော အဆင့်များသည် ဈေးကစားရန်အတွက် ကုန်သိုလှောင်မှုအား တားဆီးနိုင်လိမ့်မည်ဟုအကြီးတန်း အရာရှိတစ်ဦးက ပြောကြားထားသည်။

အိန္ဒိယသည် ယခု ဘဏ္ဍာရေးနှစ်တွင် မတ်လ ၃၁ ရက်မတိုင်မီ စားတော်ပဲတန်ချိန် တစ်သန်းခန့် တင်သွင်းခဲ့ပြီး ယခု ကာလများအတွင်း အမြင့်ဆုံးဖြစ်နိုင်သည်ဟု အစိုးရ၏ ခန့်မှန်းချက်များ အရသိရသည်။ အိန္ဒိယ သည် စားတော်ပဲကို ကနေဒါနှင့် ရုရှားနိုင်ငံတို့မှ အဓိက တင်သွင်းလျှက်ရှိသည်။

၂၀၂၂-၂၀၂၃ သီးနှံချိန်တွင် ပဲမျိုးစုံထွက်ရှိမှုမှာ တန်ချိန် ၂၆.၀၅ သန်းနှင့် စားသုံးမှုမှာ နှစ်စဉ် တန်ချိန် ၂၈ သန်း ဝန်းကျင်ခန့်ရှိခဲ့ပြီး  အိန္ဒိယလူမျိုးများ၏ ဝယ်ယူမှုစွမ်းအား တိုးလာသည်နှင့်အမျှ ပဲမျိုးစုံစားသုံးမှုအတွက် လိုအပ်ချက်မှာလည်း တဖြည်းဖြည်း ကြီးထွားလျှက်ရှိပါသည်။ 

သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံသည် ရွေးကောက်ပွဲကာလအတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေး အတွက် နည်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် ပဲစဉ်းငုံ၊ မတ်ပဲနှင့် စားတော်ပဲ တို့၏ သိုလှောင်ထားရှိမှုအခြေအနေများကို မဖြစ်မနေကြေငြာရမည်ဟု သတင်းများ ထွက်ပေါ်နေမှု အခြေအနေအား သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။   

မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး 
နယူးဒေလီမြို့      

Source: Rising prices: Traders may be asked to declare stocks of yellow peas, tur and urad dal regularly, The Economic Times