နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ ဆောင်းသီးနှံစိုက်ဧရိယာများ စိုက်ပျိုးရေဖူလုံစွာအသုံးပြုနိုင်ရေးဆောင်ရွက်

နေပြည်တော်၊ ဒီဇင်ဘာ (၂၃)
နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ စိုက်ပျိုးမြေများ သီးထပ်စွမ်းအား မြှင့်တင်ရေး၊ ဆောင်းသီးနှံစိုက် ဧရိယာများ စိုက်ပျိုးရေဖူလုံစွာအသုံးပြုနိုင်ရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ဒီဇင်ဘာလ (၂၃)ရက်နေ့နံနက်ပိုင်းတွင် ဇေယျာသီရိခရိုင် စက်စက်ယိုရေလွှဲဆည်နှင့် ရေသောက် ဧရိယာ အတွင်းရှိ စိုက်ကွင်းများ ၊ ရာဇဌာနီ လမ်းမကြီးဘေးဝဲယာရှိ ဆောင်းသီးနှံစိုက်ခင်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး သည် ပုဗ္ဗသီရိမြို့နယ်၊ သပြေကုန်းကျေးရွာအနီးရှိ စက်စက်ယို ချောင်းပေါ် တွင် တည်ဆောက်ထားသည့် သံကူကွန်ကရစ် ရာဘာရေလွှဲဆည် အတွင်း ရေဝင်ရောက်မှု ၊ မြောင်းမကြီးရေတံခါး ၊ ရေကူမြောင်းရေတံခါး နှင့် စိုက်ပျိုးရေ ပေးဝေမှုလုပ်ငန်းများကိုကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက ရေလွှဲဆည်ဆိုင်ရာ အချက်အလက်များနှင့် ရာသီအလိုက် စိုက်ပျိုးရေ ပေးဝေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်စက်ယိုဆည်ရေသောက်ဧရိယာနှင့် ရာဇဌာနီ လမ်းမကြီး ဘေးဝဲယာရှိ ဆောင်းသီးနှံစိုက်ခင်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးအတွက် မိမိတို့ဝန်ကြီးဌာနအောက်ရှိ ဌာနများအားလုံး က အသိပညာပေးခြင်း နည်းပညာဖြန့်ဝေခြင်းအပ်အဝင် လိုအပ်ချက်များကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် ၊ စိုက်ပျိုးမြေများကို တည်ဆဲလယ်ယာမြေဥပဒေ ပြဌာန်းချက်များနှင့် အညီအသုံးပြုရေးအတွက် ကြပ်မတ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြား သည်။
စက်စက်ယိုရေလွှဲဆည် မှ စိုက်ပျိုးမြေ စိစစ်ပြီးဧက ၇၈၂ ဧက ကို စိုက်ပျိုးရေ ပေးဝေလျက်ရှိကြောင်း၊ ရာဇဌာနီ လမ်းဘေးဝဲယာ ဆောင်းသီးနှံ ၂၃၂.၄၅ ဧက တွင် စက်ရေတွင်းများ မှ မြေအောက်ရေဖြင့် စိုက်ပျိုးခြင်း ၊ အစိုဓါတ်ထိန်းစိုက်ပျိုးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသကဲ့သို့ ရာဇဌာနီလမ်း တောင်ဘက်ခြမ်းရှိ Plastic Lining အတွင်းသို့ ငလိုက်ရေလွှဲဆည်မှ ရေဖြည့်သွင်း၍လည်းကောင်း၊ ရာဇဌာနီလမ်း မြောက်ဘက်ခြမ်းရှိ Plastic Lining အတွင်းသို့ စက်စက်ယိုရေလွှဲဆည်မှ ရေဖြည့်သွင်း၍လည်းကောင်း ဖြည့်စွက်ရေပေးဝေနိုင်ရေး စီမံဆောင်ရွက်ထားရှိပြီး လိုအပ်ပါက အမြင့်ပိုင်းစိုက်ကွင်းများအတွက် ရွေ့လျား ဆိုလာ ရေတင်စက်များ အသုံးပြုနိုင်ရေး ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။