မကွေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံ အထူးဇုန်များ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး နှင့် ဝါသီးနှံ တိုးချဲ့စိုက်ပျိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဧပြီလ(၂၇)
ဆီထွက်သီးနှံများတိုးမြှင့်ထုတ်လုပ်ရေးအတွက် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံများနှင့် ဝါသီးနှံအထူးဇုန်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ(၂၅)နေ့ နံနက်ပိုင်းက မကွေးတိုင်း ဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က နိုင်ငံတော်အတွင်း စိုက်ပျိုးထုတ်လုပ်သည့် ဆီထွက်သီးနှံများကို ကြိတ်ခွဲရရှိသည့် စားသုံးဆီများဖြင့် ပြည်တွင်းဖူလုံမှုရှိစေရန် ရည်ရွယ်၍ ဆီထွက်သီးနှံများ အထူးဇုန်များ လျာထားသတ်မှတ် စိုက်ပျိုးပြီး ပန်းတိုင်အထွက်နှုန်းရအောင် ဆောင်ရွက်ရန်လိုအပ်ချက်များနှင့် ဆီထွက်သီးနှံ အထူးအထွက်တိုးရေး ဇုန်တာဝန်ခံများ၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းမှာကြားပြီး မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံများ စိုက်ဧက မှန်ကန်ရေး ၊ သီးနှံအထွက် မှန်ကန်ရေး၊ ပန်းတိုင် အထွက်နှုန်း ရရှိရေးဆိုင်ရာများ ဖြည့်စွက်ဆွေးနွေးမှာကြားသည်။
ထို့နောက် တိုင်းဒေသကြီး အဆင့်တာဝန်ရှိသူများနှင့် ဇုန်တာဝန်ခံများက မကွေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေး အတွက် ဇုန်(၄)ခု နှင့် ဆီထွက်သီးနှံ အထူးဇုန်(၂)ခု၏ ဆောင်ရွက်ဆဲလုပ်ငန်းများ နှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြကြရာ ဒုတိယဝန်ကြီး က ဆီထွက် သီးနှံများ အထူးဇုန်များ၏ လျာထားဧကပြည့် အချိန်မီစိုက်ပျိုးနိုင်ရေး နှင့် သတ်မှတ် ပန်းတိုင် အထွက်နှုံးရရှိနိုင်ရေးအတွက် မြေပြင် ကွင်းဆင်း ဆောင်ရွက်နိုင်ရန် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

နေ့လယ်ပိုင်းတွင် တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှူးရုံး အစည်းဝေးခန်းမ ၌ ဝါလုပ်ငန်းရှင်များ တွေ့ဆုံ၍ ဝါကြိတ်ခွဲမှု အခြေအနေများ၊ မျိုးစေ့ပြန်လည်ရွေးချယ်ထုတ်လုပ်မှုအခြေအနေများ၊ ဈေးကွက်ရရှိမှု အခြေအနေများနှင့် ဝါစိုက်တောင်သူများ၏ လိုအပ်ချက်များကို ဆွေးနွေးမေးမြန်းပြီး ပြည်တွင်း ချည်မျှင်နှင့် အထည်လုပ်ငန်းအတွက် လိုအပ်သော ဝါဂွမ်း နှင့် ချည်မျှင်များကို ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုမှ ဖူလုံစွာထုတ်လုပ် ပေးနိုင်ရေး နှင့် ဝါစိုက်ပျိုးထုတ်လုပ်မှုကို အဆင့်မီသည့် ဝါဂွမ်းများထုတ်လုပ်နိုင်သည့်အထိ ကြိုးပမ်းဆောင်ရွက်ကြရန် နိုင်ငံတော် အစိုးရ၏ မူဝါဒ လမ်းညွှန်ချက်များ နှင့် ဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနအသီးသီး၏ ကြိုးပမ်းဆောင်ရွက်နေမှုများ ကို ရှင်းလင်းပြောကြားသည်။
ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် သည် မကွေးတိုင်းဒေသကြီးတွင် ရောက်ရှိနေစဉ် ပုဂ္ဂလိက ဝါစက်လုပ်ငန်းရှင်၏ ဝါဝယ်ယူ၊ ကြိတ်ခွဲ၊ ထုတ်ပိုးသိုလှောင်မှုလုပ်ငန်းများကို ကြည့်ရှုအားပေးပြီး ဝါကြိတ်စက်လုပ်ငန်းများ စက်စွမ်းအားပြည့် အရည်အသွေးမီ ကြိတ်ခွဲနိုင်ရေး၊ ပြည်တွင်း အထည်လုပ်ငန်း အတွက် ချည်မျှင် လိုအပ်ချက် ဖြည့်ဆည်း ပေးနိုင်ရေး နှင့် ဝါစိုက်တောင်သူ၏ ဝင်ငွေအကျိုးအမြတ် တိုးတက်ရရှိစေရေး ၊ ပြည်တွင်း ချည်မျှင်ရှည်ဝါ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ပြောင်းလဲလာရေးအတွက် ဌာန ၊ ပုဂ္ဂလိကနှင့် တောင်သူများ ဟန်ချက်ညီညီ ပူးပေါင်းကြိုးပမ်းရန် လိုအပ်ချက်များကို ဆွေးနွေး ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။