စိုက်ပျိုးမွေးမြူရေးပညာနှင့် နိုင်ငံတကာစိုက်ပျိုးမွေးမြူရေးတက္ကသိုလ်များ (အပိုင်း-၁)

စိုက်ပျိုးမွေးမြူရေးပညာနှင့် နိုင်ငံတကာစိုက်ပျိုးမွေးမြူရေးတက္ကသိုလ်များ (အပိုင်း-၁)

farm

စကားချီး၊ နိဒါန်း

ကျွန်တော်သည် ရေဆင်းစိုက်ပျိုး ရေးတက္ကသိုလ်(ယခင်ပျဉ်းမနားမြို့ နယ်၊ ရေဆင်း ကျေးရွာ၊ ယခု ဇေယျာသီရိမြို့နယ်၊ နေပြည်တော်) တွင် ၁၉၇၄-ခုနှစ်မှ ၁၉၇၉-ခုနှစ် အထိ ၅ နှစ် တက်ရောက်ခဲ့ပြီး စိုက်ပျိုးရေးပညာဘွဲ့ကိုရရှိခဲ့သည်။  ၁၉၇၉-ခုနှစ် အောက်တိုဘာတွင် စိုက်ပျိုးရေးတက္ကသိုလ်၊ လယ်ယာသီးနှံဌာန၌ သရုပ်ပြဆရာအဖြစ် ဝင်ရောက်ခဲ့ပြီး ၃၉ နှစ်နီးပါး ကျောင်း ဆရာအလုပ်ကို ပါမောက္ခချုပ်အဖြစ် အငြိမ်းစားယူချိန် ၂၀၁၈ ခုနှစ် ဇူလိုင်အထိ တစိုက်မတ်မတ်လုပ်ကိုင်ခဲ့သည်။ တက္ကသိုလ်ဆရာအဖြစ် တာဝန်ထမ်း ဆောင်ရင်း နိုင်ငံတကာတက္ကသိုလ်များ၌ စိုက်ပျိုးရေး မဟာသိပ္ပံ၊ ပါရဂူဘွဲ့သင်တန်းများ တက်ရောက်ခဲ့သည်နှင့်အတူ နိုင်ငံတကာစိုက်ပျိုး၊မွေးမြူရေးတက္ကသိုလ်များသို့ ကာလတို သင်တန်းများ၊လေ့ လာရေးခရီးစဉ်များသွားရောက်ခဲ့ချိန်များတွင် မိမိနိုင်ငံရှိ အဆင့်မြင့် စိုက်ပျိုးရေးပညာသင်ယူရာ အမိတက္ကသိုလ်ကို ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်စေချင်သည့် စိတ်စေတနာများလည်းဖြစ်ရသည်။ စိုက်ပျိုးရေးတက္ကသိုလ်တွင် ၃၉ နှစ်၊ အမျိုးသား ပညာရေးမူဝါဒကော်မရှင်တွင် ၃ နှစ်ခန့် တာဝန်ထမ်းဆောင်ပြီးနောက် ကျွန်တော်၏ စိုက်ပျိုးရေးတပည့်ကလေးများ ဆောင်ရွက်နေသည့် အစိုးရမဟုတ်သည့် အဖွဲ့အစည်း (Golden Plain Local NGO for Agriculture and Rural Development) ရွှေရောင် လွင်ပြင် စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးတွင် အကြံပေးအရာရှိချုပ် (Chief Advisor) အဖြစ် မိမိအိမ်ရှိရာ နေပြည်တော်မှ အချိန် ပိုင်းအလုပ် (Part-time working from Home) လုပ်ကိုင်လျက် ရှိပါသည်။

တစ်ဖန် စာသင် စာရေး ပညာပေးချင်သော ဝါသနာများလည်းရှိနေခြင်းကြောင့် စိုက်ပျိုး၊ မွေးမြူရေး၊ သီးနှံသစ်တော ရောနှောစိုက်ပျိုး ရေး၊ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး လက်မှတ်ရ အွန်လိုင်း သင်တန်း (Online Certificate Course on Agriculture, Animal Nutrition, Agroforestry, Environmental Conservation Trainings) များကို မိမိအိမ်မှပင် ညပိုင်း မိတ်ဆွေ၊ ဆရာ ကြီးများ၊ တပည့်ဟောင်းများနှင့် အလှည့်ကျ ပို့ချသင်ကြားရင်း စိုက် ပျိုးရေးတက္ကသိုလ်ကျောင်းဆင်း ကိုသိန်းစိုးမင်းနှင့် မယဉ်ယဉ်ဖြူတို့ ပူးတွဲ တည်ထောင်ဖွင့်လှစ်ထားသော တောင်သူသုံး အစိမ်းရောင်လမ်း (Green Way App.) အစီအ စဉ်၌ အပတ်စဉ် အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ (Basic Agricultural Science) ဆောင်းပါးများ ရေးသား ပညာပေးလျက်ရှိသည်။

ယခု ကျွန်တော်၏မိတ်ဆွေ လယ်ယာစီးပွားဂျာနယ်၌ အစိမ်းရောင်လမ်းနှင့် ပုံစံ မတူသော ပညာပေးဆောင်းပါးများကို ကြိုကြား၊ ကြိုကြား စတင်ရေးသားမည် ဖြစ်ပါ သည်။ 

မိတ်ဆက် (Introduction)

စိုက်ပျိုးရေးပညာ (Agricultural Education)ဘာသာရပ်သည် (တောင်သူပညာပေးရေး (Agri-cultural Extension) ဘာသာရပ်နှင့်ရောထွေးသွားနိုင်ပါသည်) အခြေခံ အဆင့်မှ တက္ကသိုလ်အဆင့်အထိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သက်သောပညာများကိုကျောင်းသား၊ကျောင်းသူများအား  သင်ကြားပေးမှု၊ သုတေသနပြုမှုကိုဆိုလိုပါသည်။

ယခင် စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းများ (State Agricultural School) (ယခု တိုင်းနှင့်ပြည်နယ်များရှိ အခြေခံပညာ အထက်တန်း ကျောင်း ၅၀) တွင် လက်မှတ်ရ စိုက်ပျိုး၊ မွေးမြူရေး သင်တန်းများ (Certificate Courses in Agriculture)၊ စိုက်ပျိုး မွေးမြူရေးသိပ္ပံ (State Agricultural Institute - SAI) များတွင် စိုက်ပျိုး၊ မွေးမြူရေး ဒီပလိုမာရ  (Diploma Certificate) သင်တန်းများနှင့် စိုက်ပျိုးမွေးမြူရေး တက္ကသိုလ် များတွင် တက္ကသိုလ် ပထမဘွဲ့ (Bachelor – BSc (Agri.)/B.Ag./B.Agr.Sc.)၊ ဘွဲ့လွန် မဟာသိပ္ပံဘွဲ့ (Master – MS/M.Agr.Sc.)၊ ပါရဂူဘွဲ့ (Ph.D./Dr. Agri.) စသည့် ပညာများကို လေ့လာဆည်းပူးခြင်းကို ဆိုလိုပါသည်။

လက်မှတ်ရ၊ ဒီပလိုမာ သင်တန်းများတွင် စာတွေ့၊ လက်တွေ့ သင် ကြားပေးနေသော်လည်း၊ စိုက်ပျိုး ရေး နှင့်ဆိုင်သော တက္ကသိုလ်၊ ကောလိပ်များတွင် သင်ကြားခြင်း (Teaching) ပြုလုပ်ရုံသာမက သုတေသန (Research) ပါတွဲဖက်ပြုလုပ်ရပါမည်။

တချို့နိုင်ငံရှိ တက္ကသိုလ်များတွင် တောင်သူပညာပေးလုပ်ငန်း (Extension) များပါ ပါဝင်သည်။တက္ကသိုလ် ကျောင်းဆရာ၊ ဆရာမ၊ သုတေသနပညာရှင်များက တောင်သူ များနှင့် တိုက်ရိုက်တွေ့ပြီး သူတို့၏ပြဿနာများကို ဖြေရှင်းပေးပါသည်။ လိုအပ်လျှင် တောင်သူအကျိုးပြု သုတေသန တိုက်ရိုက်ပြုလုပ်ပါသည်။  ဥပမာ- အမေရိကန် နိုင်ငံ (USA)၊ အိန္နိယနိုင်ငံ (India) 

ကျွန်တော် အမျိုးသားပညာရေးမူဝါဒကော်မရှင်တွင်ရှိနေစဉ်က ဒုတိယအကြိမ် မြန်မာနိုင်ငံ တက္က သိုလ်များသုတေသနညီလာခံ (Myanmar University Research Conference) ကို ၂၀၂၀ ပြည့်နှစ် ဇွန် ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ နေရာ ၉ နေရာ (ဘာသာရပ် ၉ ခု) ဝိဇ္ဇာပညာ၊ သိပ္ပံပညာ၊ အင်ဂျင်နီယာနှင့်နည်းပညာရပ်များ၊ ကွန်ပျူတာ ပညာရပ်၊ စီးပွားရေးပညာရပ်၊ ဆေးနှင့်ဆေးနှီးနွှယ်ပညာရပ်၊ ဘာသာ စကား ယဉ်ကျေးမှုနှင့် အနုပညာရပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ် တော ပညာရပ်၊ ဆရာအတတ်ပညာ ရပ်များအတွက် ဟောပြောဆွေးနွေးပွဲများကို အွန်လိုင်း၊ အဝေးမှ အင်တာနက်စနစ်ဖြင့် (Online, Virtual, Tele-Conference, Webinar 
System) ကျင်းပခဲ့ပါသည်။

ကျွန်တော်၏မိတ်ဆွေ အမေရိကန်နိုင်ငံ၊နာဆာ(NASA)တွင် အလုပ် လုပ်နေသူ ဒေါက်တာ ပဒေ သာတင်က သုတေသနပညာရှင်ကောင်းတစ်ယောက်ဖြစ်ရန် အောက်ပါ အချက်များ လိုအပ်ကြောင်းပြောကြားခဲ့သည်-

(ဥပမာ -စိုက်ပျိုး၊ မွေးမြူရေးသုတေသီကောင်း(Good Agri-cultural Researcher) တစ်ယောက်၏ အရည်အချင်းများမှာ)
     (၁)   စိုက်ပျိုးမွေးမြူရေးပညာရပ်ဆိုင်ရာ တတ်ကျွမ်းနားလည်မှု
     (၂)   အခြေခံ အောက်သက်ကြေရန် လိုအပ်မှု
     (၃)   မိမိသက်ဆိုင်ရာ ဘာသာရပ်အပြင် အခြားဘာသာရပ်များကို ဆည်းပူးလေ့လာသင့်မှု
     (၄)   ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်မှု
     (၅)   နိုင်ငံခြားဘာသာရေး/ဖတ်ကျွမ်းကျင်မှု
     (၆)   စာသင်ကြားတတ်မှု
     (၇)   သုတေသနသည် မိမိ၏တီထွင်မှု အစစ်အမှန် (authentic) ဖြစ်မှု၊ (သူများဆီက ခိုးချ၍မရပါ) စသည်တို့ဖြစ်ပါသည်။

(ကျွန်တော့်ဆောင်းပါးများ ဆက်ပါဦးမည်)

ဒေါက်တာမျိုးကြွယ်