ဆီထွက်သီးနှံ အထူးဇုန်များ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး နှင့် ချည်မျှင်ရှည်ဝါသီးနှံ တိုးချဲ့စိုက်ပျိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဆီထွက်သီးနှံ အထူးဇုန်များ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး နှင့် ချည်မျှင်ရှည်ဝါသီးနှံ တိုးချဲ့စိုက်ပျိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဆီထွက်သီးနှံ အထူးဇုန်များ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး နှင့် ချည်မျှင်ရှည်ဝါသီးနှံ တိုးချဲ့စိုက်ပျိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ (၂၀)ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် နှင့် ဒုတိယဝန်ကြီးများ ၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ ၊ ဆီထွက်သီးနှံ အထူးဇုန်တာဝန်ခံများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က ဆွေးနွေး မှာကြားရာ၌ နိုင်ငံတော်အနေဖြင့် ဆီထွက်သီးနှံ အထူးဇုန်များအတွက် မျိုးစေ့ ၊ ဓါတ်မြေဩဇာ နှင့် လိုအပ်ချက် အပြည့်အဝ ပံ့ပိုးကူညီပေးသွားမည်ဖြစ်၍ မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံများ စိုက်ဧက မှန်ကန်ရေး ၊ သီးနှံအထွက် မှန်ကန်ရေး ၊ ပန်းတိုင် အထွက်နှုန်း ရရှိရေး တို့အတွက် ဇုန်တာဝန်ခံများ အနေဖြင့် အောက်အခြေအထိ ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ရန် လိုကြောင်း၊ မူဝါဒများ စီမံခန့်ခွဲမှုများ စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် အဓိက လိုအပ်ချက်ဖြစ်သည့် စိုက်ဧက နှင့် အထွက်နှုန်း ဆိုင်ရာ စာရင်းဇယားကိန်းဂဏန်းများ တိကျမှန်ကန်စေရေးကို သက်ဆိုင်ရာ ဦးစီးဌာန အလိုက် တာဝန်ရှိသူ အဆင့်ဆင့်အနေဖြင့် တာဝန်ယူမှု တာဝန်ခံမှုရှိစွာ ဆောင်ရွက်ကြရန် လိုကြောင်း၊ ပကတိအခြေအနေမှန်ကို အကောင်းဆုံး စီမံဆောင်ရွက်နိုင်ရေး နှင့် တိုးတက် အောင်မြင်ရေး အတွက် နည်းမှန်လမ်းမှန် ကြိုးပမ်းသွားကြရန် လိုအပ်ကြောင်း၊

ချည်မျှင်ရှည်ဝါသီးနှံ တိုးချဲ့စိုက်ပျိုးရေးအတွက် ရေလိုအပ်ချက် နှင့် သွင်းအားစု လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ကို ဒေသအလိုက် စိစစ်ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ချည်မျှင်ရှည်ဝါသီးနှံဆွတ်ခူးချိန်တွင် တောင်သူများအား ဝါအရည်အသွေး အလိုက် ဆွတ်ခူး သိမ်းဆည်းခြင်း နည်းပညာပေးခြင်းကို ပညာရှင်များကိုယ်တိုင်ကွင်းဆင်း ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ၊ လက်ရှိ ဝါကြိတ်စက်လုပ်ငန်းများ၏ စက်စွမ်းအား နှင့် ဆွတ်ခူးပြီးနောက် စက်ရုံများသို့ ရောက်ရှိသွားသည့် ဝါဂွမ်းပမာဏအား စနစ်တကျ စာရင်း ကောက်ယူ၍ ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှု နှင့် ပြည်တွင်း သုံးစွဲမှုအခြေအနေမှန်ကို သုံးသပ်ပြီး ပြည်တွင်း သုံးစွဲမှုဖူလုံစေရန် တိုးချဲ့စိုက်ပျိုး ထုတ်လုပ်ခြင်းအား ဘဏ္ဍာနှစ် အလိုက် စီမံဆောင်ရွက်သွားမည်ဖြစ်၍ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ကြိုတင်စီမံဆောင်ရွက်ကြရန် ဖြစ်ကြောင်း ပြောကြားသည်။ 

ထို့နောက် ဦးစီးဌာနအလိုက် ညွှန်ကြားရေးမှူးချုပ်များနှင့် ဇုန်တာဝန်ခံများ က သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးများ က ဖြည့်စွက်ဆွေးနွေး ခဲ့ကြသည်။

ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုမှ ထွက်ရှိလာသည့် ဆီထွက်သီးနှံများကို ကြိတ်ခွဲ၍ စားသုံးဆီဖူလုံရေး နှင့် ပြည်ပမှ ဆီတင်သွင်းမှုလျော့ချရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် တိုင်းဒေသကြီး ပြည်နယ်(၇)ခု၌ ဆီထွက်သီးနှံ အထူးဇုန်များ သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒေသအလိုက် အထွက်နှုန်း ကောင်းမွန်သော မြေပဲ၊ နှမ်း၊ နေကြာ မျိုးများကို အသုံးပြု၍ စိုက်ပျိုးနိုင်ရန် ဌာန ၊ ပုဂ္ဂလိက နှင့် မျိုးစေ့ထုတ်တောင်သူအစုအဖွဲ့များ ပေါင်းစပ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ဓာတ်မြေဩဇာ နှင့် သဘာဝမြေဩဇာ ပေါင်းစပ်အသုံးပြုနိုင်ရေး အပါအဝင် ဒေသအလိုက် ရေရရှိရေး နည်းလမ်းများ ၊ လယ်ယာသုံးစက်ကိရိယာများ အသုံးပြု လုပ်ကိုင်နိုင်ရေး လုပ်ငန်းများ နှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ၏ ပူးပေါင်းမှု တို့ဖြင့် နည်းပညာပေးလုပ်ငန်းများကို အပြည့်အဝဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက် ထားရှိကြောင်း သတင်းရရှိသည်။