အစားအစာ ဘေးကင်းလုံခြုံသော သား ငါးအခြေခံ စားသောက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရန် ပုဂ္ဂလိကပိုင်း၏ ပူးပေါင်းမှု ပဓါနဖြစ်

နေပြည်တော်၊ ဒီဇင်ဘာလ (၂၀) ရက်
အစားအစာ ဘေးကင်းလုံခြုံသောသားငါးအခြေခံတန်ဖိုးမြင့် စားသောက်ကုန်ချော များ တိုးမြှင့်ထုတ်လုပ်နိုင်ရန်အဓိကကျသည့် ပုဂ္ဂလိကပိုင်း၏ ပူးပေါင်းမှု မြှင့်တင်နိုင်ရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး သည် ဒီဇင်ဘာလ(၁၉)ရက်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါစက်မှုဇုန်ရှိ ပုဂ္ဂလိက ငါးအစာစက်ရုံ နှင့် တိရစ္ဆာန်အစာတွင် ထည့်သွင်းသည့် ဟန်ရိုးမဆေးဝါး စက်ရုံ လုပ်ငန်းတို့ကို ကွင်းဆင်း ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား မွေးမြူရေး တိရစ္ဆာန်၏ ကျန်းမာသန်စွမ်းမှု၊ ရောဂါဒဏ်ခံ နိုင်ရည်ရှိမှု၊ အသားထွက်ရှိမှု အရည်အသွေးများ တိုးတက် ကောင်းမွန်ရေး အတွက် တိရစ္ဆာန်အစာ၏ အရေးပါမှု၊ သဘာဝလွှတ်ကျောင်း မွေးမြူခြင်း မှ လှောင်မွေးသည့် ခေတ်မီမွေးမြူရေးစနစ်ထွန်းကား လာစေရေး ၊ အသေးစား ၊ အငယ်စားနှင့် အလတ်စား မွေးမြူရေးလုပ်ကိုင်သူများ၏ လိုအပ်ချက်များကို မျက်ခြေ မပြတ် လေ့လာပြီး မွေးမြူရေးကဏ္ဍ အရှိန်အဟုန်ကောင်းစွာ ဖွံ့ဖြိုးလာရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်ကြီး များ က ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်ရေး ဆွေးနွေးမှာကြား သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်းသိုလှောင်ရုံ၌ လယ်ယာထွက်ကုန်၊ စိုက်ပျိုးရေးထွက်ကုန် အခြေခံ စားသောက် ကုန် နှင့် လူသုံးကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချရန် ငှားရမ်း လုပ်ကိုင်နေသော တောင်ပြာ တန်း ကုမ္ပဏီလီမိတက် ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ သိုလှောင်ရုံများ ထိမ်းသိမ်းထား ရှိမှု၊ ကုန်ပစ္စည်းများသိုလှောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မီးဘေး လုံခြုံရေးဂရုပြု ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် မင်္ဂလာဒုံမြို့နယ်ရှိ မြန်မာစီပီကုမ္ပဏီ ၏ တိရစ္ဆာန် အစာစက်ရုံလုပ်ငန်းများ၊ တိရစ္ဆာန်အစာ ဓာတ်ခွဲခန်းလုပ်ငန်းများ၊ မွေးမြူရေးထွက်ကုန် အဆင့်မြင့် စားသောက်ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှုများ ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လယ်ယာ သား ငါး ထုတ်လုပ်မှု တိုးတက်ရေး၊ စိုက်ပျိုးမွေးမြူရေး အခြေခံသော တန်ဖိုးမြင့်ကုန်ချောထုတ်လုပ်မှု ဖွံ့ဖြိုးလာရေးတို့အတွက် ပုဂ္ဂလိက ကဏ္ဍ ရင်းနှီးမြုပ် တိုးမြှင့်ဆောင်ရွက်နိုင်ရန် တည်ဆဲ ဥပဒေ စည်းမျဉ်း စည်းကမ်း များ နှင့်အညီ ဝန်ကြီးဌာန က အားပေးကူညီဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ထုတ်လုပ်မှု စရိတ် လျှော့ချနိုင်ရေး ၊ အရည်အသွေးပြည့်ဝသော ထုတ်ကုန်များဖြစ်စေရေး ၊ မိမိတို့လုပ်ငန်းနှင့် ဆက်စပ်သည့် လုပ်ငန်းစဉ်ကွင်းဆက်တလျောက် ဟန်ချက်ညီ ဖွံ့ဖြိုးလာစေရေး ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။