((၂၉) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers’ Technical Forum) ကျင်းပ

(၂၉)ကြိမ်မြောက် တောင်သူနည်းပညာပေး ဆွေးနွေးပွဲကို မတ်လ(၂၃)ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စုဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဌာနစုတာဝန်ခံများ၊ မွေးမြူရေးသုတေသနဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ မွေးမြူရေးသုတေသန ပညာရှင်များ၊ စိုက်ပျိုးရေးတက္ကသိုလ် မွေးမြူရေးပညာဌာနမှ ပါမောက္ခ၊ ဆရာမများ၊ နေပြည်တော်ကောင်စီနယ်မြေ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်း ဦးစီးမှူး၊ တပ်ကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသုတေသီများ၊ ပညာရှင်များ၊ တပ်ကုန်းမြို့နယ်အတွင်းရှိ ကျေးချောင်း၊ရွှေးစုနှင့် ဗိုလ်မင်းရောင်ကျေးရွာများမှ ကျေးရွာအတွင်းရှိ တောင်သူ (၇၅)ဦး တက်ရောက်၍ ”စပါး-ဘဲ၊ စပါး-ကြက် ပေါင်းစည်း စိုက်ပျိုးမွေးမြူခြင်း နှင့်မြန်မာနိုင်ငံရှိ စိုက်ပျိုးမွေးမြူခြင်းစနစ်များ(Farming System) အကြောင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး အဖွင့်အမှာစကားပြောကြားရာ၌ ယခုကဲ့သို့ တောင်သူ နည်းပညာ ဆွေးနွေးပွဲများ ၊ အသိပညာနှင့် အတွေ့အကြုံနှီးနှောဖလှယ်ပွဲများ ကျင်းပပေးခြင်းသည် နိုင်ငံ၏ စီးပွားရေး ကို မြှင့်တင်ပေးနိုင်ရန် အဓိကအခန်းကဏ္ဍ က ပါဝင်နေကြသည့် တောင်သူများအားလုံးက မိမိကိုယ်မိမိ လယ်ယာစီးပွား လုပ်ငန်းရှင်များ အဖြစ် ခံယူနှလုံးသွင်း ကြိုးပမ်းနိုင်ကြစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ၊ လုပ်ကွက်ငယ် လယ်သမားများ၏ ဝင်ငွေနှင့်စီးပွားရေးတိုးတက်လာစေရန် သီးနှံစိုက်ပျိုး ရေး တခုတည်း လုပ်ကိုင်နေ၍မရနိုင်ပဲ မွေးမြူရေးကိုပါ တွဲဘက်လုပ်ကိုင်ကြရန် လိုကြောင်း၊ မိမိတို့ ဝန်ကြီးဌာနမှ သီးထပ်စွမ်းအားတိုးတက်ရေး၊ စိုက်ပျိုးသောသီးနှံတိုင်း ပန်းတိုင်အထွက်နှုန်း ရရှိရေးအပြင် သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေစွာ စိုက်ပျိုးမွေးမြူရေး တွဲဘက်လုပ်ကိုင်ကြစေရေး အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေး နှင့် မွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် သုတေသန ပညာရှင် များ၊ စိုက်ပျိုးပညာ ပေးရေးဝန်ထမ်များနှင့် တောင်သူများပူးပေါင်း၍ လူထုလှုပ်ရှားမှု အသွင်ဖြင့် ပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးတက္ကသိုလ် မွေးမြူရေးပညာဌာန မှ ကထိက ဒေါ်သက်မွန်ပိုင် က မြန်မာနိုင်ငံရှိစိုက်ပျိုးမွေးမြူရေးစနစ်များ၊ စားကျက်သီးနှံ အခြေခံ နွားမွေးမြူရေးနည်းစနစ်များ၊ ဒေသအချို့၏ စိုက်ပျိုးမွေးမြူစနစ် ခွဲခြမ်းလေ့လာခြင်း၊ သီးနှံအကြွင်းအကျန်များမှ တန်ဖိုးမြှင့် တိရစ္ဆာန်အစာပြုလုပ်ခြင်း၊ စားကျက်သီးနှံ စိုက်ပျိုး စနစ်များ၊ စားကျက်သီးနှံ ရိတ်သိမ်းနည်းစနစ်များ၊ တိရစ္ဆာန်အစာ ထိန်းသိမ်းခြင်း နည်းစနစ်များ နှင့် ပတ်သက်၍ဆောင်ရွက်ထားသည့် သုတေသန ရလဒ်များကို လည်းကောင်း ၊ မွေးမြူရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသီသီဝင်း နှင့် စိုက်ပျိုးရေး သုတေသန ဦးစီးဌာန သုတေသနအရာရှိ ဒေါ်ခင်မြတ်သူ တို့က စပါးနှင့်ဘဲ၊ စပါးနှင့်ကြက် တွဲဖက် မွေးမြူခြင်း နှင့် ပတ်သက်၍ လည်းကောင်း ဆွေးနွေး တင်ပြကြသည်။
ဆွေးနွေးတင်ပြချက်များ အပေါ် တောင်သူများက သိရှိလိုသည်များကို စိတ်ပါ ဝင်စားစွာ မေးမြန်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက လိုအပ်ချက်များ ဖြည့်စွက် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။