ပေါင်းလောင်းရေလှောင် တမံ ရေပိုလွှဲတွင် ဟိုက်ဒရောလစ်ရေမြှင့်ရေတံခါး Hydraulic Elevator Dam (HED) တပ်ဆင်ခြင်း လုပ်ငန်း ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ပေါင်းလောင်းရေလှောင် တမံ ၏ ရေအားလျှပ်စစ်ထုတ်လုပ်မှုကို မြှင့်တင်ဆောင်ရွက်နိုင်ရန် တမံ ရေပိုမို သိုလှောင်နိုင်ရေးအတွက် ရေပိုလွှဲတွင် ဟိုက်ဒရောလစ်ရေမြှင့်ရေတံခါး Hydraulic Elevator Dam (HED) တပ်ဆင်ခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ အဆိုပါ လုပ်ငန်းခွင်အား စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် နှင့် တာဝန်ရှိသူများက မတ်လ(၁၇)ရက်နေ့ နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒုတိယဝန်ကြီး နှင့်အဖွဲ့အား စီမံကိန်းရှင်းလင်းဆောင်တွင် တည်ဆောက်ရေး(၅) တာဝန်ရှိသူက ပေါင်းလောင်းရေလှောင်တမံ ရေပိုလွှဲတွင် ဟိုက်ဒရောလစ်ရေမြှင့် ရေတံခါး Hydraulic Elevator Dam (HED) တပ်ဆင်ခြင်းလုပ်ငန်း အား (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ် တွင် လုပ်ငန်း(၈၀%) နှင့် မြို့ပြလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးမှု ၊ တင်ဒါအောင်မြင်သည့် GF Construction and Engineering Co;Ltd မှ (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ်အတွက် ဆောင်ရွက်မည့်လုပ်ငန်းများတွင် လိုအပ်သော 7 m x 1.5 m ရေတံခါးရွက် (၇)ချပ် ၊ Embedded Parts နှင့် ဆက်စပ်ပစ္စည်းများ ပေါင်းလောင်း ရေပိုလွှဲ HED လုပ်ငန်းခွင်သို့ ရောက်ရှိမှု အခြေအနေများကိုလည်းကောင်း၊ ပေါင်းလောင်းဆည် ရေသောက်စနစ်မှ နေပြည်တော်ဧရိယာတွင် နွေစပါး(၁၀၂၀၀)ဧက၊ အခြားသီးနှံ(၁၄၇၅) ဧက၊ ပဲခူးတိုင်းဒေသကြီးတွင် နွေစပါး (၃၄၆၀)ဧကနှင့် အခြားသီးနှံ (၅၅၄၀)ဧက စုစုပေါင်း စိုက်ပျိုးမြေဧရိယာ(၂၀၆၇၅)ဧက အတွက် စိုက်ပျိုးရေ ပေးဝေနေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး က လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး နှင့်တာဝန်ရှိသူများသည် ဟိုက်ဒရောလစ်ရေမြှင့် ရေတံခါး Hydraulic Elevator Dam (HED) တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများ ကို ကြည့်ရှု့စစ်ဆေးပြီး တင်ဒါစာချုပ်ပါပစ္စည်းများ၏ အရည် အသွေးပြည့်မီရေး နှင့် လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ပြီးစီးရေးကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
(၂၀၂၄-၂၀၂၅)ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ရန်လျာထားသည့် လုပ်ငန်းများ အတွက် လိုအပ်သော ရေတံခါးရွက် (Gate Leaf) (၁၃)ချပ်မှာ(၂၀၂၄)ခုနှစ် ၊ မတ်လကုန် တွင်လည်းကောင်း ၊ Hydraulic Cylinder, Hydraulic Pump နှင့် ဆက်စပ်ပစ္စည်းများ မှာ (၂၀၂၄)ခုနှစ် ၊ ဧပြီလ ပထမပတ်တွင်လည်းကောင်း လုပ်ငန်းခွင်သို့ ရောက်ရှိ မည်ဖြစ်ကြောင်း၊ ဟိုက်ဒရောလစ် ရေမြှင့်ရေတံခါး Hydraulic Elevator Dam (HED) တပ်ဆင်ခြင်းလုပ်ငန်းအားလုံးကို (၂၀၂၄)ခုနှစ် ဇူလိုင်လကုန်တွင် အပြီးဆောင်ရွက်မည် ဖြစ်ပြီး ရေလှောင်ပမာဏ (၂၁၀၀၀)ဧကပေ ပိုမိုသိုလှောင်နိုင်မည်ဖြစ်၍ နှစ်စဉ် လျှပ်စစ် ယူနစ် (၈)သန်း ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။