ညောင်ဦးမြို့နယ်တွင် ဖီးကြမ်းငှက်ပျော ဈေးကောင်းရ

ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ လက်ပံချေပေါ်ကျေးရွာအုပ်စုတွင် မြေအောက်ရေ ပိုက်လိုင်းစနစ်ဖြင့် ဖီးကြမ်းငှက်ပျောစိုက်ပျိုးခြင်းမှ ဝင်ငွေရရှိကြသောကြောင့် ဒေသခံတောင်သူများ အဆင်ပြေ ပျော်ရွှင်နေကြကြောင်း ငှက်ပျောစိုက်တောင်သူများ ပြောကြားချက်အရ သိရှိရသည်။
ညောင်ဦးမြို့နယ်ရှိ ငှက်ပျောစိုက်တောင်သူများသည် မြန်မာပြက္ခဒိန်၏ တပေါင်းလနှင့် တန်ခူးလတို့တွင် ငှက်ပျော စတင်စိုက်ပျိုးလေ့ရှိကြသည်။ လက်ပံချေပေါ်ကျေးရွာမှ ဒေသခံတို့သည် ငှက်ပျောရာသီတွင် ဝယ်လိုအားများသည့် ဖီးကြမ်းငှက်ပျောကိုသာ စိုက်ပျိုးကြသည်။ တနည်း အားဖြင့်ဆိုရသော် ရခိုင်ငှက်ပျော (Musa sapientum) စိုက်ပျိုးသူမှာ အလွန်နည်းပါးကြောင်း ငှက်ပျောတောင်သူ ဦးတင်စိုးကိုက ပြောကြားသည်။
ဖီးကြမ်းငှက်ပျောစိုက်ပျိုးရာတွင် စိုက်ခင်းအတွင်း တစ်ကျင်းလျှင် ငှက်ပျောပင် တစ်ပင် (သို့)နှစ်ပင်နှုန်း စိုက်ပျိုးလေ့ရှိကြသည်။ တစ်ကျင်းလျှင် တစ်ပင်နှုန်း စိုက်ပျိုးသူများသည် အပင် ဟောင်းမှ အပင်ပေါက်ထွက်ရှိသည်အထိ စောင့်ဆိုင်းခြင်းမပြုဘဲ အသစ်ပြန်လည် စိုက်ပျိုးကြသည်။ တစ်ကျင်းလျှင်နှစ်ပင်နှုန်း စိုက်ပျိုးကြသူများကမူ အစို့ပေါက်များရရှိရန်အတွက် တစ်ပင်ချန်ထားလေ့ ရှိသည်။
ငှက်ပျောပင်များမှ ငှက်ပျောခိုင်စတင်ရရှိရန် (၁၀)လ သို့မဟုတ် (၁၁)လခန့် ကြာမြင့် ပါသည်။ ငှက်ပျောသီးများကို ညောင်ဦး၊ ပခုက္ကူနှင့် ကျောက်ပန်းတောင်းမြို့နယ်များရှိ ကုန်သည် များထံ ရောင်းချပါသည်။ ယခုအခါ လက်ပံချေပေါ်ဒေသရှိ တောင်သူများသည် ငှက်ပျောပင်ကို မြေအောက်ရေစနစ်ဖြင့် စိုက်ပျိုးလျက်ရှိပြီး ငှက်ပျောခိုင်တစ်ခိုင်လျှင် ငွေကျပ် (၂၀၀၀-၂၅၀၀) ကြား ရရှိကြောင်း သိရှိရသည်။
(၁၅. ၁၂. ၂၀၂၃) Global New Light of Myanmar