မြန်မာနိုင်ငံပျားလုပ်ငန်းအသင်း နှင့်တွေ့ဆုံ ပျားမွေးမြူရေးနှင့် ပျားရည် ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကို ဆွေးနွေး

မြန်မာနိုင်ငံပျားလုပ်ငန်းအသင်း နှင့်တွေ့ဆုံ ပျားမွေးမြူရေးနှင့် ပျားရည် ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကို ဆွေးနွေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် နေပြည်တော် ပျဉ်းမနားမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းဝန်းအတွင်း ကျင်းပလျက်ရှိသည့် မျိုးစေ့ပြပွဲ(၂၀၂၄)သို့ မတ်လ(၂)ရက်နေ့တွင် လာရောက်လေ့လာကြ သည့် မြန်မာနိုင်ငံပျား လုပ်ငန်းအသင်း ၊ ပုဂ္ဂလိက ပျားမွေးမြူသူ ၊ ပြည်ပသို့ ပျားရည်တင်ပို့ သူများအား တွေ့ဆုံ၍ ပျားမွေးမြူရေးနှင့် ပျားရည် ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ များကို ဆွေးနွေး ကြသည်။

ဆွေးနွေးရာတွင် မြန်မာနိုင်ငံပျားလုပ်ငန်းအသင်း တာဝန်ရှိသူများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များက ပျားရောဂါကာကွယ်ကုသမှုကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန က ဦးဆောင်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်ချိန်တည်း တစ်ပြိုင်တည်း ဆောင်ရွက် နိုင်ရေး ၊ ပျားအုံများ တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းသယ်ဆောင်ခြင်းလုပ်ငန်းများ နှင့် ပျားရည် တင်ပို့ခြင်း လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့ စေရေးအတွက် လိုအပ်သော ပူးပေါင်း ဆောင်ရွက်မှုများ စီမံပေးနိုင်ရေး၊ ပြည်ပသို့ တင်ပို့မည့် ပျားရည်များ ဓါတ်ခွဲ စစ်ဆေးခြင်းကို စိုက်ပျိုးရေးဦးစီးဌာန ဓါတ်ခွဲခန်း၏ ထောက်ခံချက်လက်မှတ် ထုတ်ပေး နိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။ 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က နေကြာသီးနှံအပါအဝင် ပင်ခြား ဝတ်မှုန်ကူးသည့် သီးနှံများ ဝတ်မှုန်ကူးယှက်မှုကောင်းစေရန် ပျားမွေးမြူရေးကိုတွဲဖက် လုပ်ကိုင် ခြင်းဖြင့် ဝင်ငွေ နှစ်မျိုးရနိုင်သည့်အပြင် သီးနှံအထွက်နှုန်းကောင်းမွန်ရေးအတွက် အထောက်အပံ့ ဖြစ်စေသဖြင့် တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းပါဝင် လုပ်ကိုင် လာစေရေး ပညာပေး ဆောင်ရွက်ရန် လိုအပ်ချက်များ ၊ ပြည်တွင်း၌ ဆေးဝါးနှင့်အာဟာရ ဓါတ်စာအဖြစ် တန်ဖိုးထား အသုံးပြုသည့်နည်းတူ ပြည်ပဈေးကွက် ဝယ်လိုအားရှိနေသည့် ပျားရည်ထုတ်လုပ်မှု တိုးချဲ့ဆောင် ရွက်နိုင်ရေးအတွက် ဌာနနှင့်ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက် နိုင်မှု အခွင့်အလမ်းများ နှင့် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ဆွေးနွေးပြော ကြားသည်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန အနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး နှင့် ပြည်နယ်(၁၀)ခု တို့ရှိ မြို့နယ် (၃၁)ခု၌ ပျားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ပညာပေးနှင့် ဝန်ဆောင် မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဌာနနှင့် ပုဂ္ဂလိက မွေးမြူသူ (၈၁၈)ဦးမှ ပျားအုံ(၂၀၉၀၂၁)အုံ မွေးမြူလုပ်ကိုင်လျက်ရှိပြီး လက်ရှိကာလအထိ ပျားရည် မက်ထရစ်တန် (၄၁၀၀)ကျော် ထုတ်လုပ်ပြီး ဂျပန်၊ တရုတ်၊ ထိုင်း၊ ကိုရီးယား၊ ဂျာမနီ နိုင်ငံများသို့ မက်ထရစ်တန်ချိန် (၂၀၀၀)ခန့်  တင်ပို့နိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပျားရည် တင်ပို့ရောင်းချမှုမှ အမေရိကန်ဒေါ်လာ (၃)သန်းခန့် ရရှိခဲ့ကြောင်း သတင်းရရှိသည်။