သီးနှံအထွက်နှုန်း တိုးတက်ရေးအပြင် စားသုံးမှုအရည်အသွေး နှင့် ဈေးကွက်ဝယ်လိုအားကို ထည့်သွင်း တွက်ချက်ဆောင်ရွက်ရန် လိုအပ်

သီးနှံအထွက်နှုန်း တိုးတက်ရေးအပြင် စားသုံးမှုအရည်အသွေး နှင့် ဈေးကွက်ဝယ်လိုအားကို ထည့်သွင်း တွက်ချက်ဆောင်ရွက်ရန် လိုအပ်

နေပြည်တော်၊ ဖေဖော်ဝါရီ(၂၂)

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် ဖေဖော်ဝါရီလ(၂၁)ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ယာသီးနှံသုတေသနဌာနခွဲ စီပင်ခြံ ၏ သုတေသန လုပ်ငန်းများ၊ မျိုးစေ့ထုတ်လုပ်ငန်းများ ကို ကွင်းဆင်းစစ်ဆေးကြည့်ရှုရာ တာဝန်ရှိသူများက ဆီထွက်သီးနှံနေကြာ ဆင်းရွှေကြာ-၂ ၊ ပဲတီစိမ်း၊ ပဲစင်းငုံ အပါအဝင် သီးနှံ(၁၁)မျိုး ၏ သုတေသန၊ ထုတ်လုပ်မှုနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း မျိုးသစ်ထုတ်လုပ်ခြင်း နှင့် မျိုးသန့်မျိုးပွားဖြန့်ဖြူးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သီးနှံအထွက်နှုန်း တိုးတက်ရေးအပြင် စားသုံးမှုအရည်အသွေး နှင့် ဈေးကွက်ဝယ်လိုအားကို ထည့်သွင်း တွက်ချက်ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် သာစည်မြို့နယ်ရှိ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံဖွံ့ဖြိုးရေးဌာန(VFDC)၊ လှိုင်းတက်ခြံ ၏ ဟင်းသီးဟင်းရွက် ရာသီသီးနှံ မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း ၊ ခြံတာဝန်ခံ နှင့် တာဝန်ရှိသူများက ဆောင်ရွက်ဆဲ လုပ်ငန်းများ နှင့် ဘဏ္ဍာနှစ်အလိုက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း ဆိုင်ရာများကို ရှင်းလင်းတင်ပြကြသည်။ 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က ဒေသနှင့် ကိုက်ညီပြီး စီးပွားရေး တွက်ချေကိုက်သော သီးနှံမျိုးကောင်း၊ မျိုးသန့် မျိုးစေ့၊ ပျိုးပင်များ ထုတ်လုပ်ဖြန့်ဖြူးခြင်း နှင့် နည်းပညာပေးလုပ်ငန်းများ တစ်ပြိုင်တည်းဆောင်ရွက်ရန် ၊ ဟင်းအဖြစ် ချက်ပြုတ် စားသောက်နိုင်သော ဟင်းသီးဟင်းရွက်များကို ဦးစားပေးထုတ်လုပ်ရန်၊ တောင်သူများ၏ သဘောထားမှတ်ချက်ကိုရယူ၍ အပူးပိုင်းဒေသနှင့် ကိုက်ညီ ဖြစ်ထွန်းစေမည့် သီးနှံအမယ်များ ကို ရွေးချယ်ပြီး မျိုးသန့်မျိုးပွားထုတ်လုပ်ပေးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် စိုက်ပျိုးရေးဦးစီးဌာနပိုင် စက်ရုံအား Dagon Foods Co.,Ltd က ငှားရမ်းလုပ်ကိုင်လျက်ရှိသည့် သစ်သီးဝလံအခြေခံ စားသောက်ကုန်ထုတ်လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး ပြီး စက်ရုံအတွက် ကုန်ကြမ်းရရှိမှု ၊ ကုန်ချောထုတ်လုပ်ရောင်းချနိုင်မှု နှင့် ဈေးကွက် အခြေအနေတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ပိုင် မြေနေရာ အဆောက်အအုံများကို စနစ်တကျအသုံးပြုရန် လိုအပ်ချက်များ၊ ဝန်ကြီးဌာန အနေဖြင့် တည်ဆဲ ဥပဒေ စည်းမျဉ်းစည်းကမ်းများ နှင့် အညီ ပုဂ္ဂလိကကဏ္ဍ၏ လိုအပ်ချက်များကူညီ ဖြည့်ဆည်းပေးနေမှုများကို ရှင်းလင်းပြောကြားပြီး လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင် နှင့်အတူ ဟဲဟိုးမြို့ ဥဿာကံကျေးရွာရှိ မျိုးအာလူးအအေးခန်းသိုလှောင်ရုံ ကို ကြည့်ရှုစစ်ဆေးရာ ဟဲဟိုးအာလူးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ တာဝန်ရှိသူများ က မျိုးအာလူးများစုဆောင်းသိုလှောင်မှု နှင့် အာလူးသိုလှောင်ရာသီမတိုင်မီ ကြားကာလများတွင် ချင်း(ဂျင်း)မျိုးများစမ်းသပ်သိုလှောင်ထားရှိမှု ၊ ဒေသ၏ အာလူးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန တာဝန်ရှိသူများ က မြန်မာနိုင်ငံ တွင် အာလူးအများဆုံး စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် ရှမ်းပြည်နယ်၏ အာလူးစိုက်ပျိုး ထုတ်လုပ်မှုကို မြှင့်တင်ဆောင်ရွက်နိုင်ရေး အတွက်  နည်းပညာပေး လုပ်ငန်းများ ဆောင်ရွက် ပေးနေမှု နှင့် မျိုးအာလူးများထုတ်လုပ်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က စားဖိုဆောင်သီးနှံ ဖြစ်သည့် အာလူးကို မုန့်ပဲသရေစာနှင့် အခြားသောစားသောက်ကုန်ချောများအဖြစ် တွင်ကျယ်စွာ အသုံးပြုနေခြင်း ကြောင့် ဈေးကွက်သေချာပြီး အရေးပါသော စိုက်ပျိုးရေးထွက်ကုန် တစ်ခုဖြစ်ကြောင်း၊ စိုက်ပျိုးသည့် ဒေသအလိုက် စိုက်ပျိုးချိန် တူးဖော်သိမ်းဆည်းချိန် မတူညီနိုင်မှုကို တောင်သူ များ အလေးဂရုပြုနိုင်ကြရန် နှင့် နည်းပညာပိုင်းအရ လိုက်နာဆောင်ရွက်ရမည့် အချက်များကို စနစ်တကျဖြန့်ဝေပေးရန် လိုအပ်ကြောင်း၊ အလားတူ မျိုးအာလူးများ ထုတ်လုပ်ရာတွင်လည်း ရောဂါဒဏ်ခံနိုင်ပြီး အထွက်နှုန်းကောင်းရန် လိုအပ်သကဲ့သို့ ကြော်အားလူး ချက်အာလူး အမျိုးအစားအလိုက် ဈေးကွက် အကြိုက် စားသုံးမှု အရည်အသွေးကောင်းမွန်ရေး ဆောင်ရွက် ကြရန် ဆွေးနွေးမှာကြားသည်။

၎င်းနောက်  ပြည်ထောင်စုဝန်ကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ဒေသခံတောင်သူ များက ရေဖျန်းစနစ်ဖြင့် စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် အာလူးစိုက်ခင်းများ နှင့် ကြက်သွန်ဖြူ စိုက်ခင်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တောင်သူများနှင့်ခင်မင်ရင်းနှီးစွာတွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့ကြကြောင်းသတင်းရရှိသည်။