ခွေးရူးရောဂါကာကွယ်ဆေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ
နေပြည်တော်၊ အောက်တိုဘာ ၂၃
ခွေးရူးရောဂါကာကွယ်ဆေးနှင့် ပတ်သက်သော လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို အောက်တိုဘာ ၂၃ ရက်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ရုံးအမှတ်(၃၆) အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးပညာကောင်စီမှ တာဝန်ရှိသူများ၊ပညာရှင်များ ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက အမှာစကား ပြောကြားရာ၌ ခွေးရူးရောဂါသည် လူနှင့် တိရစ္ဆာန် နှစ်ဖက်လုံးအတွက် အလွန်အန္တရာယ် ရှိကြောင်း၊ WHO အစီရင်ခံစာအရ နှစ်စဉ် ကမ္ဘာတစ်ဝန်းမှာ လူပေါင်း ၅၉,၀၀၀ ခန့် အသက်ဆုံးရှုံးနေပြီး ၉၉ ရာခိုင်နှုန်းမှာ ခွေးများမှ ကူးစက်ကြောင်း၊ အချက်အလက်များအရ မြန်မာနိုင်ငံတွင်လည်း နှစ်စဉ် လူသေ ဆုံးမှုအချို့ ဆက်ရှိနေဆဲဖြစ်ပြီး၊ အဓိကအကြောင်းအရင်းမှာ ပိုင်ရှင်မရှိသည့် ခွေးလေ၊ ခွေးလွင့်များမှ ကူးစက်နေခြင်းဖြစ်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန အနေဖြင့်လည်း ခွေးရူး ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းများ (Mass Dog Vaccination) ကို လုပ်ငန်းစီမံချက်များ ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ခွေးရူးရောဂါကာကွယ်ဆေးကို ၁၉၅၆ ခုနှစ်မှ စတင်၍ P.V. 10 strain ဗိုင်းရပ်စ် အမျိုးအစားအား သိုး၏ ဦးနှောက်တွင် ထိုးနှံ၍ ပွားများစေပြီး အားပျော့စေကာ ကြက်ဥ သန္ဓေသားတွင် အားဖျော့ထားသော ဗိုင်းရပ်အမျိုးအစား Flury, Low Egg Passage Strain ကိုပေါက်ပွားစေပြီး သန္ဓေသားလောင်းကို အမှုန့်ကြိတ်၍ အခြောက်ခံ ထားသောဆေးအား အသုံးပြုခဲ့ကြောင်း၊ ထိုသို့ထုတ်လုပ်ရာတွင် ခွေးရူးရောဂါပိုးသည် လူကို ကူးစက်စေနိုင်သည့်အပြင် အန္တရာယ် ဖြစ်နိုင်ခြေမြင့်မားခြင်း၊ ကာကွယ် ဆေး ထုတ်လုပ်သူများ၏ အာရုံ ကြောဆိုင်ရာ ကျန်းမာရေးထိခိုက်မှုရှိနိုင်သဖြင့် ဆေးထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ရပါကြောင်း၊ ပြည်တွင်း၌ ခွေးရူးရောဂါကာကွယ်ဆေး ထုတ် လုပ်နိုင်ပါက ပြည်ပမှ တင်သွင်းရမှု လျော့နည်းစေမည်ဖြစ်ပြီး ဆေးလိုအပ်အချိန်တွင် အချိန်မီ ပံ့ပိုးနိုင်မည်ဖြစ်ကြောင်း၊ ခွေးရူးရောဂါကာကွယ်ဆေး စမ်းသပ်ထုတ်လုပ်ရာတွင် ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့(WOAH) မှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် အညီ ထုတ်လုပ်ရန်နှင့် ကာကွယ်ဆေးထုတ်လုပ်သူများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးကိုလည်း ထည့်သွင်းစီမံရန် ဖြစ်ကြောင်း၊ ခွေးရူးရောဂါကာကွယ် ဆေးသည် လူ့အသက်ပေါင်းများစွာ ကယ်တင်ပေးနိုင်သည့် အရေးပါဆုံးလုပ်ငန်းဖြစ်သည်နှင့်အညီ ဤလုပ်ငန်း ညှိနှိုင်း အစည်းအဝေး ၌ ခွေးရူးရောဂါကာကွယ်ဆေး ထုတ် လုပ်ရာ၌ လိုအပ်သည့် နည်းပညာ ပိုင်းဆိုင်ရာများ၊ အားသာချက်၊ အား နည်းချက်များအား ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြပါရန် မှာကြားသည်။
ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ်နှင့် တာဝန်ရှိသူများက လုပ်ငန်းညှိနှိုင်းစည်းဝေး ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ ခွေးရူးရောဂါကာကွယ်ဆေးထုတ်လုပ်ခဲ့မှု အခြေအနေနှင့် ခွေးရူးရောဂါကာကွယ် ဆေး အရည်အသွေး စစ်ဆေးခြင်းလုပ်ငန်းများကို ရှင်းလင်း တင်ပြကြရာ တက်ရောက်လာသည့် ပညာရှင်များ၊ ကုမ္ပဏီများက ဝိုင်းဝန်းဆွေးနွေး ကြသည်။
၎င်းနောက် ဒုတိယဝန်ကြီးသည် ငါးဖမ်းရေယာဉ် စောင့်ကြည့်ထိန်း ချုပ်ရေးဌာနခွဲ (VMS)(နေပြည် တော်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက နိုင်ငံတကာမှ လိုက်နာရမည့် စည်း မျဉ်းစည်းကမ်းများ၊ ပြည်တွင်း ပြည်ပ ငါးဖမ်း ငါးသယ်ရေယာဉ်များကို စောင့်ကြည့်ထိန်းချုပ် ထောက် လှမ်းနေမှု၊ မြန်မာ့ပင်လယ် ရေပြင်အတွင်း ငါးလုပ်ငန်းများ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်စေရေး ကြပ်မတ်ဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြကြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ငါးမျိုးပြုန်းတီးမှု မဖြစ်ပေါ်စေရေး ငါးသယံဇာတမျိုးစိတ်များ ထိန်းသိမ်းရေး ၊ တရားမဝင် ငါးဖမ်းဆီးမှုများကို ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရေး ဆွေးနွေးမှာကြားသည်။
အလားတူ ဒုတိယဝန်ကြီးသည် နို့စားနွားသရုပ်ပြနှင့် မျိုးဖြန့်ဖြူးရေးခြံ (နေပြည်တော်) တွင် နို့စားနွားများမွေးမြူထားရှိမှုနှင့် ဒိန်ချဉ်ထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး နို့စားနွားမွေးမြူရေးဆိုင်ရာ နည်းပညာပေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
MOALI