ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ (၃၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ (၃၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

နေပြည်တော်၊ အောက်တိုဘာ ၂၆

စိုက်ပျိုးရေးတက္ကသိုလ်၏ ၃၃ ကြိမ်မြောက်ဘွဲ့နှင်းသဘင် အခမ်းအနားကို အောက်တိုဘာ ၂၆ ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားအစီအစဉ် ပထမပိုင်းတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က အမှာစကားပြောကြားရာ၌ စိုက်ပျိုးရေးကဏ္ဍသည် မိမိတို့နိုင်ငံ၏ စီးပွားရေးမောင်းနှင်အားဖြစ်သကဲ့သို့ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်မှုသည် အားလုံးပါဝင်သော စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုဖြစ်ပါကြောင်း၊ အလားတူ ပြည်သူအားလုံးအတွက် စားရေရိက္ခာဖူလုံရေး နှင့် ဘေးအန္တရာယ် ကင်းရှင်းပြီး အာဟာရပြည့်ဝသည့် စားရေရိက္ခာများကို နိုင်ငံသားတိုင်း သင့်တင့်မျှတသော ဈေးနှုန်းများ ဖြင့် ဝယ်ယူစားသုံးနိုင်စွမ်းရှိစေရေး အကောင်အထည်ဖော်ရာတွင် မိမိတို့ လေ့လာထားကြသော စိုက်ပျိုးရေး အသိပညာများဖြင့် ပါဝင်ဆောင်ရွက် ဖြည့်စွမ်းနိုင်ကြတော့မည့် မောင်တို့ မယ်တို့၏ အခန်းကဏ္ဍက အရေးကြီးပါကြောင်း၊ 

နိုင်ငံတော် က ဦးစားပေး ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးသီးနှံများ၏ ထုတ်လုပ်နိုင် စွမ်းအားများ မြှင့်တင်ရန် မျိုး၊ မြေ၊ ရေ၊ နည်းပညာများကိုမှန်ကန်စေရေး၊ မြေဆီလွှာနှင့်ရေ အသုံးပြုမှုများ စနစ်တကျရှိစေရေး၊ ရိတ်သိမ်းချိန်လွန် နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာစေ ရေး၊ အစားအစာသိပ္ပံနှင့်နည်းပညာများကတစ်ဆင့် တန်ဖိုးမြှင့် ထွက်ကုန်ပစ္စည်းများ ထုတ် လုပ်နိုင်ရေးတို့အတွက် ကျရာအခန်းကဏ္ဍက ပါဝင်ဆောင်ရွက်သွားကြစေလိုကြောင်း၊

ထို့အပြင် Artificial Intelligence(AI) ဉာဏ်ရည်တု နည်းပညာ အပါအဝင် ခေတ်နှင့်လျော်ညီသော နည်းပညာရပ်များကိုလည်း အကျွမ်း တဝင်အသုံးပြုနိုင်ကြစေရန် စဉ်ဆက်မပြတ်လေ့လာကြပြီး သီးနှံအထွက်နှုန်းများ၊ မိုးလေဝသ ကြိုတင် ခန့်မှန်းချက်များ၊ တိကျသေချာသော စိုက်နည်းစနစ်များ၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်းများ၊ ဓာတ်မြေ ဩဇာ အသုံးပြုမှုများ စသဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများတွင် အကျိုးရှိစွာ အသုံးပြုနိုင်ရေးကိုလည်း ကြိုးပမ်းသွားကြရန်ဖြစ်ပါကြောင်း၊

တောင်သူလယ်သမားများအပါအဝင် ပြည်သူလူထုအလွှာစုံနှင့်တိုက်ရိုက်ထိတွေ့ ဆက်ဆံပြီး ဝန်ဆောင်မှုပေးကြရမည့် စိုက်ပျိုးရေးပညာရှင်များ အနေဖြင့် မှန်ကန် သမာသမတ်ကျသော အတွေးအခေါ် အယူအဆများရှိကြရမည် ဖြစ်ပါကြောင်း၊ ထို့အတူ နိုင်ငံတော်၏ အကျိုးစီးပွါးနှင့် မိမိတစ်ဦးချင်း၏ အကျိုးစီးပွားကိုလည်း မျှမျှတတ စဉ်းစားလုပ်ဆောင် တတ်သော ဆုံးဖြတ်ချက် ချမှတ်နိုင်သည့် အရည်အချင်း ရှိကြရမည် ဖြစ်ပြီး အမိတက္ကသိုလ်တွင် သင်ယူလေ့လာခဲ့ကြရသည့် အသိပညာ အတတ်ပညာများကို လက်တွေ့ လုပ်ငန်းများနှင့်ပေါင်းစပ်၍ ကြိုးပမ်းလုပ်ဆောင်ကြရန် လိုကြောင်း၊ ထို့အတူ နိုင်ငံတော်၏ ကျေးဇူးသစ္စာကိုစောင့်သိပြီး နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်နှင့် စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေလိုသောစေတနာများ ကိန်းအောင်း၍ မြန်မာနိုင်ငံ၏ လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ ပါဝင်နိုင်သည့် အခန်းကဏ္ဍမှ အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်လုပ်ဆောင်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စိုက်ပျိုးရေးတက္ကသိုလ် ပထမနှစ် မှ နောက်ဆုံးနှစ် အထိ တန်းစဉ်ပေါင်း အမှတ်အများဆုံး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများ အား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်သည်။

အခမ်းအနားအစီအစဉ် ဒုတိယပိုင်းတွင် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ် က စိုက်ပျိုးရေးသိပ္ပံဘွဲ့ရ ၂၉၅ ဦး၊ စိုက်ပျိုးရေးမဟာသိပ္ပံဘွဲ့ရ ၄၄ ဦး၊ စိုက်ပျိုးရေး ပါရဂူဘွဲ့ရ ၉ ဦး၊ စိုက်ပျိုးရေး ဘွဲ့လွန်ဒီပလိုမာဘွဲ့ရ ၇ ဦး တို့အား ဆိုင်ရာ ဘွဲ့လက်မှတ်များ ချီးမြှင့် ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။ 

MOALI