မြန်မာနိုင်ငံနှင့် အီဂျစ်နိုင်ငံတို့အကြား လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး
အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့၊ လယ်ယာစိုက်ပျိုးရေးနှင့်မြေယာပြုပြင်ပြောင်းလဲရေး ဝန်ကြီးဌာနတွင် မြန်မာနိုင်ငံနှင့် အီဂျစ်နိုင်ငံတို့အကြား လယ်ယာကဏ္ဍပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို အောက်တို ဘာ ၂၈ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အဆိုပါ နားလည်မှုစာချွန်လွှာကို အီဂျစ်လယ်ယာစိုက်ပျိုးရေးနှင့် မြေယာပြုပြင်ပြောင်းလဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Mostafa EL Sayad မစ္စတာ မိုစတာဖာ အယ်လ်ဆာယက်နှင့် စိုက်ပျိုးရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းတို့က အီဂျစ်စိုက်ပျိုးရေးနှင့် မြေယာပြုပြင်ပြောင်းလဲရေး ဝန်ကြီး Mr Alaa Farouk မစ္စတာ အလာဖာရော့နှင့် အီဂျစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင့်ရှိန်တို့ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးခြင်းသည် မြန်မာ-အီဂျစ် ဆက်ဆံရေးအတွက် အရေးကြီးသော သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ကြောင်း သိရသည်။
အဆိုပါ နားလည်မှုစာချွန်လွှာသည် ၁၉၉၄ ခုနှစ်တွင် မြန်မာနှင့် အီဂျစ်တို့ ပထမဆုံး လက်မှတ်ရေးထိုးခဲ့သော စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ (MoU) ၏ ဒုတိယမြောက် လက်မှတ် ရေးထိုးမှုဖြစ်သည်။ အဆိုပါ နားလည် မှုစာချွန်လွှာသည် စိုက်ပျိုးရေးနည်းပညာ ဖလှယ်ရေး၊ စွမ်းရည်မြှင့်တင်ရေး၊ သုတေသန ပူးပေါင်းဆောင် ရွက်မှုနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်များကဲ့သို့သော နယ်ပယ်များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်မည်ဖြစ်သည်။ ထို့အပြင် လယ်ယာထွက်ကုန်များ ကုန်သွယ်မှုကို မြှင့်တင်ကာ နှစ်နိုင်ငံအကြား ရေရှည်လက်တွဲဆောင်ရွက်ရေးကိုလည်း အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ စိုက်ပျိုးရေး ဦးစီးဌာနနှင့် အီဂျစ်နိုင်ငံ စိုက်ပျိုးရေး ဗဟိုသုတေသနဌာနတို့ ပူးပေါင်း၍ ချည် မျှင် အလွန်ရှည်ဝါ၊ အာလူးအပါ အဝင် အရည်အသွေးကောင်း သီးနှံများ စိုက်ပျိုး ထုတ်လုပ်ရေးအတွက် သင်တန်းသားများ စေလွှတ်ရေး၊စိုက်ပျိုးရေး ပညာရှင်များ အပြန်အလှန် စေလွှတ်ရေး၊ EICA သင်တန်းများ တက်ရောက်နိုင်ရေးတို့ကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အီဂျစ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးများစသည့် စိုက်ပျိုးရေး သွင်းအားစုများ တင်ပို့နိုင်ရန်နှင့် မြန်မာနိုင်ငံမှ အီဂျစ်သို့ ပဲမျိုးစုံ၊ ဆန်နှင့် ပင်လယ်စာများအပါအဝင် အခြားထုတ်ကုန်များ တင်ပို့ရန် ဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့ကြောင်းသိရသည်။
DOA