ကရင်ပြည်နယ်၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော်၊ နိုဝင်ဘာ ၈

လယ်ယာကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများ စီမံဆောင်ရွက်ပေးရန် ကရင်ပြည်နယ်တွင် ရောက်ရှိနေသော စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် နိုဝင်ဘာ ၆ ရက်နေ့ နေ့လယ်ပိုင်းတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေး သိပ္ပံ (ဘားအံ)အား ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ကျောင်းအုပ်ကြီးနှင့် ဆရာဆရာမများအား တွေ့ဆုံ အမှာစကား ပြောကြားရာ၌ နိုင်ငံ၏ လယ်ယာကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေး ကြိုးပမ်းရာတွင် လက်တွေ့စိုက်ပျိုးမွေးမြူရေးလုပ်ငန်းခွင်ကျွမ်းကျင်သူများ မွေးထုတ်ပေးလျက်ရှိသည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းများ၏ အခန်း ကဏ္ဍ သည် များစွာအရေးပါကြောင်း ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းသား ကျောင်းသူများ အနေဖြင့် ဆိုင်ရာဘာသာရပ်များအလိုက် ကျွမ်းကျင်မှုရှိစေရေး အပြင် နိုင်ငံတော်၏ စားရေရိက္ခာဖူလုံရေးကြိုးပမ်းချက်များနှင့် တောင်သူလယ် သမားများအား လက်တွေ့ ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများ၌ အားကိုး အားထားပြုရသူများ အဖြစ် ကျရာကဏ္ဍက တာဝန်ကျေပွန်စွာ စွမ်းဆောင်နိုင်ကြသည့် လူချွန်လူကောင်းများဖြစ်အောင် တစ်ပါတည်း လေ့ကျင့် သင်ကြားပေးရန် လိုအပ်ကြောင်း၊ ထို့အပြင် ဘွဲ့ကြို စိုက်ပျိုးရေးနှင့်မွေးမြူရေး ပညာရပ်များ ဆက်လက်ဆည်းပူးလိုကြသည့် ကျောင်းသား ကျောင်းသူများအား တိုးချဲ့ ဖွင့်လှစ်မည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ် (မအူပင်)တွင် တက်ရောက်နိုင်ကြစေရန် တာဝန်ရှိသူများနှင့် ဆရာ ဆရာမများက လိုအပ်သည်များ ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စာသင်ဆောင်များ၊ မွေးမြူ ရေး ဘာသာရပ် အတွက် လက်တွေ့ သင်ထောက်ကူဆောင်များကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ကျောင်းဖွံ့ဖြိုးရေးဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် မွေးမြူရေးဇုန်(မိဇံ)သို့ သွားရောက်ပြီး ဝက်နှင့် ဆိတ် မွေးမြူလုပ်ကိုင်နေမှုများကို ကြည့်ရှုအားပေးသည်။ ဆက်လက်၍ ပုဂ္ဂလိက မွေးမြူရေး လုပ်ငန်းရှင်များအားတွေ့ဆုံကာ စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းဖြစ်၍ လုပ်ငန်းရှင် တစ်ဦးချင်းက မှန်ကန်စွာကြိုးစားလုပ်ဆောင်ခြင်းဖြင့် လုပ်ငန်းတိုးချဲ့အောင်မြင်အောင် ဆောင်ရွက်ရန် မွေးမြူရေးဇုန်က ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ  တိကျ စွာ လိုက်နာဆောင်ရွက်ရေးနှင့် မွေးမြူရေးတိရစ္ဆာန် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြရန် မှာကြားပြီး လုပ်ငန်းရှင်များ၏ လုပ်ငန်းဆိုင်ရာ တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးကာ မွေးမြူရေးသုံး ဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

MOALI