စားသုံးဆီနှင့်ပဲပုပ်ကြိတ်ဖတ်ဖူလုံရေးအတွက် ပဲပုပ်ကြိတ်ခွဲရန် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း စီမံကိန်း စတင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

စားသုံးဆီနှင့်ပဲပုပ်ကြိတ်ဖတ်ဖူလုံရေးအတွက် ပဲပုပ်ကြိတ်ခွဲရန် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း စီမံကိန်း စတင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊အောက်တိုဘာ ၂၂

          မဲခေါင်- လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂ဝ၂၅)ဖြင့် ဆောင်ရွက်မည့် “မြန်မာနိုင်ငံတွင် စားသုံးဆီနှင့်ပဲပုပ်ကြိတ်ဖတ်ဖူလုံရေးအတွက် ပဲပုပ်ကြိတ်ခွဲရန် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း” စီမံကိန်း၏ စီမံကိန်း စတင်ရေး အလုပ်ရုံဆွေးနွေးပွဲ (Project Inception Workshop)"ကို အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပသည်။

            အခမ်းအနားတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင် က အမှာစကားပြောကြားရာ၌ နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍတို့ ဟန်ချက်ညီတစ်ပြိုင်တည်း ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေး ကနဦး မတည်ရန်ပုံငွေဖြင့် ထောက်ပံ့ပေးလျက်ရှိသကဲ့သို့ ဝန်ကြီးဌာနအနေဖြင့်လည်း နည်းပညာအပါအဝင် တောင်သူ့လိုအပ်ချက် ဖြည့်ဆည်းပေးခြင်းများကိုလည်း စဉ်ဆက် မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊

            ထို့အပြင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ “မြန်မာနိုင်ငံတွင် စားသုံးဆီနှင့် ပဲပုပ်ကြိတ်ဖတ် ဖူလုံရေးအတွက် ပဲပုပ်ကြိတ်ခွဲရန် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း : (Establish-ment of a Soybean Processing Plant through Research and Development for Cooking Oil and Soybean Meal Sufficiency in Myanmar)" စီမံကိန်းကို မဲခေါင်- လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုအထူးရန်ပုံငွေ(၂ဝ၂၅)ဖြင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနက ယခင်စီမံကိန်း၏ အောင်မြင်မှု အတွေ့အကြုံများအပေါ် အတွေ့အကြုံရယူ၍ ပိုမိုတိုးတက်အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားမည့် စီမံကိန်းအသစ် ဖြစ်ကြောင်း၊

            ပြည်တွင်းစားသုံးဆီ လိုအပ်ချက်၏ ၅၈ ရာခိုင်နှုန်း နီးပါးကို နိုင်ငံခြားငွေအမြောက်အမြား အကုန်အကျခံကာ တင်သွင်းနေရလျက်ရှိပြီး မွေးမြူရေးကဏ္ဍ အတွက် မရှိမဖြစ် လိုအပ်သော ပဲပုပ်ကြိတ်ဖတ်ကိုလည်း နှစ်စဉ် မက်ထရစ်တန်ချိန် သုညဒသမ ၆ သန်းခန့် ပြည်ပမှ ဝယ်ယူနေရကြောင်း၊ ဤလိုအပ်ချက် နှစ်ခုလုံးကို ပြည်တွင်းဖြစ် ထုတ်ကုန်များဖြင့် လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရန်အတွက် အရည်အသွေးပြည့်မီသည့် ပဲပုပ်စိုက်ပျိုး ထုတ်လုပ်နိုင်ရေး အပါအဝင် ယခုစီမံကိန်းသည် ပြည်တွင်းစွမ်းအား၊ သုတေသနနှင့် နည်းပညာများဖြင့် ရင်ဆိုင်ဖြေရှင်းမည့် မဟာ ဗျူဟာမြောက် ချဉ်းကပ်မှုဖြစ်ပါကြောင်း၊ ဤစီမံကိန်း၏ အဓိက ရည်မှန်း ချက်မှာ ပဲပုပ်စိုက်ပျိုးရေးမှသည် တန်ဖိုးမြှင့်ထုတ်ကုန် ဖြစ်သည့် စားသုံးဆီနှင့် ပဲပုပ်ဖတ်အထိ တန်ဖိုးကွင်းဆက်တစ်ခုလုံးကို ခိုင်မာအောင် တည်ဆောက်ရန် ဖြစ်ကြောင်း ပြောကြားသည်။

            ၎င်းနောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ စီမံကိန်း တာဝန်ခံက စီမံကိန်းလုပ်ငန်းအစီအစဉ်များကို တင်ပြ ရာ အလုပ်ရုံ ဆွေးနွေးပွဲတက်ရောက် လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြသည်။

            အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်းနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရှင်များ၊ သုတေသီများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။