ရေရှည်တည်တံ့သည့် မွေးမြူရေးလုပ်ငန်းများ ရှင်သန်ရေး အလေးထားဆောင်ရွက်
နေပြည်တော်၊ ဩဂုတ် ၁၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဩဂုတ် ၁၃ ရက်နံနက်ပိုင်းက နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ထိန်အင်းကျေးရွာ ခန့်ညားကုမ္ပဏီ၏ အသားတိုးနွားမွေးမြူရေးနှင့် အေးခဲသားထုတ်လုပ်မှုလုပ်ငန်း ဆောင်ရွက်မည့်မြေနေရာနှင့် လုပ်ငန်းစတင် ဆောင်ရွက် နေမှုတို့ကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
၎င်းနောက် လယ်ဝေးမြို့နယ်၊ ရသေ့တောင်ကျေးရွာရှိ ပုဂ္ဂလိက အသားတိုးကြက် မွေးမြူရေးခြံတွင် အသားစားကြက်နှင့် အသားတိုးဝက် မွေးမြူထားရှိမှု၊ ဒေသ၏ အသားဈေးကွက်သို့ ဖြန့်ဖြူးပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တိရစ္ဆာန်ကူးစက်ရောဂါ တားဆီးကာကွယ်ရေးနှင့် ဇီဝလုံခြုံရေး အလေးထားဆောင်ရွက်ကြရန် ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းရှင်များအား ဆွေးနွေးမှာကြားသည်။
အလားတူ တလုပ်ပင်ကျေးရွာရှိ ကြံတိုင်းအောင် သမဝါယမအသင်းပိုင်မြေ ၉၇ ဒသမ ၆၅ ဧကပေါ်၌ ဒို့မြန်မာသမဝါယမအသင်း နှင့် ကြံတိုင်းအောင်သမဝါယမအသင်းတို့ အကျိုးတူပူးပေါင်း၍ ဒေသနွားမွေးမြူထားမှုကို ကြည့်ရှုစစ်ဆေးပြီး သမဝါယမအသင်းတာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဒုတိယဝန်ကြီးက ဒေသရှိ တစ်ပိုင်တစ်နိုင် မွေးမြူရေး လုပ်ကိုင်သူများနှင့် လုပ်ကွက်ငယ် မွေးမြူရေး တောင်သူများအား လက်တွဲ ခေါ်ယူ၍ ရေရှည်တည်တံ့သည့် မွေးမြူရေးလုပ်ငန်းများရှင်သန်ရေး အလေးထား ဆောင်ရွက်ကြရန် ဆွေးနွေး မှာကြားသည်။
ဒုတိယဝန်ကြီးသည် နေ့လယ်ပိုင်းတွင် လယ်ဝေးမြိုနယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမ၌ မွေးမြူရေးလုပ်ငန်းရှင်များအား တွေ့ဆုံ၍ အသား၊ နို့၊ ဥ ထုတ်လုပ်မှုတိုးတက်စေရေး၊ မွေးမြူ ရေးအခြေခံ စားသောက်ကုန်များ ဈေးနှုန်း တည်ငြိမ်စေရေးနှင့် သွင်းကုန် အစားထိုး ထုတ်လုပ်လာနိုင်ရေး၊ ဒေသခံပြည်သူများအတွက် အလုပ် အကိုင် အခွင့်အလမ်း ပိုမိုရရှိလာစေရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဖြင့် ဆောင်ရွက်သည့် မွေးမြူရေးလုပ်ငန်းများ အရှိန်ကောင်းစွာ အောင်မြင်ဖြစ်ထွန်းစေရေး ဌာနနှင့် ပုဂ္ဂလိကတို့ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။ ဆက်လက်၍ တက်ရောက် လာကြသည့် မွေးမြူရေးလုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ်လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
MOALI