တိရစ္ဆာန်မွေးမြူမှု ဖွံ့ဖြိုးရေးဌာနစု၏ မျိုးဗီဇဓာတ်ခွဲခန်းလုပ်ငန်းနှင့် မျိုးရေခဲချောင်းထုတ်လုပ်ရေး ဓာတ်ခွဲခန်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

တိရစ္ဆာန်မွေးမြူမှု ဖွံ့ဖြိုးရေးဌာနစု၏ မျိုးဗီဇဓာတ်ခွဲခန်းလုပ်ငန်းနှင့် မျိုးရေခဲချောင်းထုတ်လုပ်ရေး ဓာတ်ခွဲခန်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇူလိုင် ၈

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဇူလိုင် ၈ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းရှင်များအား တွေ့ဆုံ သည်။  

တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ယခုနှစ် ဒီဇင်ဘာအတွင်း ပုစွန်သားဖောက်လုပ်ငန်းနှင့် အစာစပ်စက်ရုံလုပ်ငန်းများ စတင်လုပ်ငန်းဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနအနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးထားပြီးဖြစ်၍ အောင်မြင် အောင် စတင်ဆောင်ရွက်ရန်နှင့် နှစ်အလိုက်လျာထားချက်အတိုင်းဆောင်ရွက်သွားရန်ဖြစ် ကြောင်း၊  လျာထားချက်အတိုင်း အောင်မြင်စေရေး လုပ်ငန်းရှင်များအားလုံးတို့က လက်တွေ့ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ကြပါရန် တိုက်တွန်းပြောကြားသည်။

၎င်းနောက် ပုစွန်မွေးမြူရေးလုပ်ငန်းရှင်များက လက်ရှိပုစွန်မွေးမြူ ထုတ်လုပ်မှု အခြေအနေနှင့် တိုးချဲ့မွေးမြူထုတ်လုပ်နိုင်မှု အလားအလာများကို တင်ပြကြသည်။ 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးရာတွင် မြေယာအသုံးချမှုများကို တည်ဆဲဥပဒေ လုပ်ထုံး လုပ်နည်းများနှင့် အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သတ်မှတ် ကာလအလိုက် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ထုတ်လုပ်မှုလုပ်ငန်းကို တည်ဆောက်ရေးလုပ်ငန်းပြီးစီးမှု ရာနှုန်းအလိုက် တပါတည်း အကောင် အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သို့မှသာ လုပ်ငန်းရှင်လည်း ကာလ အလိုက် ငွေကြေးအရင်းအနှီးလည်ပတ်မှု ရှိမည်ဖြစ်ပြီး ဒေသအကျိုးလည်း ဖြစ်ထွန်းစေမည်ဖြစ်၍ စနစ်တကျကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးမှာကြားသည်။ 

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်ရှိ  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိရစ္ဆာန်မွေးမြူမှုဖွံ့ဖြိုးရေးဌာနစု(ပေါင်းငူ)သို့ သွားရောက်၍ မျိုးဗီဇ ဓာတ်ခွဲခန်းလုပ်ငန်းဆောင်ရွက်နေမှုများနှင့် မျိုးရေခဲချောင်းထုတ်လုပ်ရေးဓါတ်ခွဲခန်းလုပ်ငန်း၊ မျိုးနွားမွေးမြူထားရှိမှု နှင့် တိရစ္ဆာန်အစာမြက်အမျိုးမျိုးစိုက်ပျိုးထားရှိမှု တို့ကိုကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက မျိုးအုပ်စုအလိုက် မျိုးဗီဇဓာတ်ခွဲစစ်ဆေးခြင်း၊ အသား စား နွားမျိုး ၊ နို့စားနွားမျိုး စသည့်မွေးမြူသူ၏ တောင်းဆိုမှုအပေါ် မူတည်၍ မျိုးရည်ခဲချောင်း ထုတ်လုပ်မှုအဆင့်ဆင့်ကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဓါတ်ခွဲခန်းဆိုင်ရာ သတ်မှတ်စံနှုန်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ ဒေသနွားမျိုးနှင့် အရည် အသွေးကောင်း နွားမျိုးများ၏ မျိုးရည်ခဲချောင်းများ စုဆောင်းထိန်းသိမ်းရေး၊ သုတေသနမှတ်တမ်းမှတ်ရာများ စနစ်တကျ ထားရှိရေးနှင့် သုတေသနတွေ့ရှိချက်များကို မျိုးဆက်သစ် ပညာရှင်များထံ လက်ဆင့်ကမ်း မျှဝေအသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။ 

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အတွင်း တိရစ္ဆာန်မွေးမြူမှုဖွံ့ဖြိုးရေးဌာနစု(ပေါင်းငူ) မျိုးဗီဇ ဓာတ်ခွဲခန်းတွင် မွေးမြူရေးနွားကောင်ရေ ၃၀၀ ၏ မျိုးဗီဇများကို စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပြီး မျိုးရေခဲချောင်းထုတ်လုပ်ရေးဓါတ်ခွဲခန်းလုပ်ငန်းအနေဖြင့် မျိုးရေခဲချောင်း ၁၅၂၀၀၀ ချောင်း ထုတ်လုပ်   ဖြန့်ဖြူးသွားရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

MOALI