ပဲခူးတိုင်းဒေသကြီး၌ မိုးစပါးအပါအဝင် အဓိကသီးနှံများ ပန်းတိုင်အထွက်ရရှိရေး သီးထပ်သီးနှံတိုးချဲ့စိုက်ပျိုးရေး ကြိုးပမ်း

နေပြည်တော်၊ ဇူလိုင် ၈
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဇူလိုင် ၈ ရက်နေ့ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ ပဲခူးမြို့၊ ကတွင်းခြံကျေးရွာ မိုးစပါးစိုက်ကွင်း၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံပြီး မိုးစပါး အပါအဝင် အဓိကသီးနှံများပန်းတိုင်အထွက်ရရှိရေး၊ သီးထပ်သီးနှံတိုးချဲ့စိုက်ပျိုးရေးဆိုင်ရာများ ဆွေးနွေးကြသည်။
တောင်သူများနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးမှာကြားရာ၌ သီးနှံစုံ စိုက်ပျိုးဖြစ်ထွန်းသည့် ပဲခူးတိုင်းဒေသကြီး၌ မိုးစပါး အပါအဝင် အဓိကသီးနှံများပန်းတိုင်အထွက်ရရှိရေးနှင့် သီးထပ်သီးနှံတိုးချဲ့စိုက်ပျိုးရေးအတွက် တောင်သူကြီးများက ကြိုးပမ်းပေးကြရန်နှင့် လိုအပ်ချက်များရှိပါက မိမိတို့ဌာနဆိုင်ရာများက ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ စပါးတစ်သီးစိုက်ပျိုးခြင်းထက် ဝင်ငွေရ တစ်မျိုးမျိုးကို သီးထပ်သီးနှံ အဖြစ်စိုက်ပျိုးခြင်းဖြင့် သီးနှံဈေးကွက် မတည်ငြိမ်မှု ကြောင့် ကြုံတွေ့ကြရသည့် တောင်သူ့ ဝင်ငွေ ထိခိုက်မှုကို ကာမိစေနိုင်မည်ဖြစ်ကြောင်း၊ မည်သည့်သီးနှံကို စိုက်ပျိုးသည်ဖြစ်စေ ပဲသီးနှံကို သီးထပ်တစ်ကြိမ်စိုက်ပျိုးပြီး တစ်နှစ်လျှင် နှစ်သီး၊ သုံးသီး စိုက်ပျိုးနိုင်မည်ဆိုပါက တောင်သူများအတွက် အကျိုးစီးပွားဖြစ်ထွန်းနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံ တော်၏ စားရေရိက္ခာဖူလုံမှုနှင့် ဒေသ၏ အသားတင်ထုတ်လုပ်မှု တန်ဖိုးတိုးတက်မှုကို အထောက်အကူပြုစေနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး၏ လယ်ယာကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားရေးနှင့် ရေသွင်းမြောင်း ရေနုတ်မြောင်း များ ထိန်းသိမ်းခြင်းအပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၌ တောင်သူများအားလုံး တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ကတွင်းခြံကျေးရွာ မိုးစပါးစိုက် တောင်သူများအတွက် ယူရီးယားဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ကြရာ တောင်သူ ကိုယ်စားလှယ်များက လက်ခံရယူကြသည်။
တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လယ်ယာသုံးစက်ကိရိယာ ကောက်စိုက် စက်များနှင့် တိုက်ရိုက်မျိုးစေ့ချကရိယာများကို ကြည့်ရှုစစ်ဆေးကြပြီး ကောက်စိုက်စက်ဖြင့် အောင်နိုင်တိုးစပါး စိုက်ပျိုးနေမှုကို ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီး၌ ယနေ့အထိ မိုးစပါး ဧက ၃၂၀၀၀ ကျော် စိုက်ပျိုးပြီးစီးကြောင်းနှင့် လျာထားဧက ၁၀၆၄၅၃ ဧက အား အပြည့်အဝ စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
အလားတူ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့သည် ပဲခူး(၁၀) မိုင်ကုန်း ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ၏ တိရစ္ဆာန်ထိန်းသိမ်း စောင့်ကြည့်စစ်ဆေးရေးစခန်း အသုံးပြုခွင့်ရရှိထားသည့် ကုမ္ပဏီ၏မြေနေရာ ဧက(၁၀၀)အား ကြည့်ရှုစစ်ဆေး၍ မိုးရာသီကုန်သည်နှင့် လုပ်ငန်းစတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြနိုင်ရေးကိစ္စရပ်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
MOALI