မိုးရာသီ ရေကြီးနစ်မြုပ်မှု လျော့ပါးသက်သာစေရေး မုတ်ကျွန်းတာတလျှောက် ရေထုတ်တံခါး ၂၀ ခု တည်ဆောက်ထား

မိုးရာသီ ရေကြီးနစ်မြုပ်မှု လျော့ပါးသက်သာစေရေး မုတ်ကျွန်းတာတလျှောက် ရေထုတ်တံခါး ၂၀ ခု တည်ဆောက်ထား

ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်နှင့် ကော့မှူးမြို့နယ်အတွင်းရှိ စိုက်ပျိုးဧရိယာများအား ရေငန်ဝင်ရောက်မှုမှ ကာကွယ်ပေးလျက်ရှိသော မုတ်ကျွန်းတာ၏ ကြံ့ခိုင်မှုနှင့် မိုးရာသီ ရေကြီးနစ်မြုပ်မှု လျော့ပါးသက်သာစေရေးအတွက် မုတ်ကျွန်းတာတစ်လျှောက်တွင် ရေထုတ်တံခါး အဆောက်အအုံ ၂၀ ခု တည် ဆောက်ထားရှိမှုကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က ဇွန်၂၁ ရက် နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက မုတ်ကျွန်းတာ (သရက်တောအပိုင်း) ပန်းတာသစ်တည်ဆောက်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက အရည်အသွေး စံချိန်စံညွှန်း ပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားကြရန်၊ တာအနီးပတ်ဝန်းကျင်ရှိ လူနေအိမ်များမှ အမှိုက်များစွန့်ပစ်မှုကြောင့် တာတမံ ၏ ကြံ့ခိုင်လုံခြုံမှုကို ထိခိုက်စေနိုင် သောကြောင့် ပြည်သူများအား ရှင်း လင်းအသိပညာပေးရန်၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ တာတမံဥပဒေနှင့်အညီ ထိန်းကျောင်းစီမံ ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားပြီး မုတ်ကျွန်းတာ (သရက်တောအပိုင်း) ရေကင်းတဲတွင် အရေးပေါ်သုံး ပစ္စည်းများ စုဆောင်းထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကွမ်းခြံကုန်းမြို့နယ်ရှိ တာပြတ် ဇရပ်ရေတံခါး အဝင်အထွက် မြောင်းတူး‌ဖော်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး သဲနုန်းပို့ချမှုများလာသောကြောင့် မြောင်းကော၍ ရေနုတ်အား ကျဆင်းလာခြင်းမျိုး မဖြစ်ပေါ်စေရေး၊ ရေတံခါးရွက်များ ရေ တံခါးများနှင့် ရေအား အဆောက် အအုံများအား ရေရှည်တည်တံ့စေရေးအတွက် ထိန်းသိမ်း ရေးလုပ်ငန်းစဥ်များကိုအထူးအလေးထား ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား ဆွေးနွေးမှာ ကြားသည်။

အလားတူ ဒုတိယဝန်ကြီးသည် ကွမ်းခြံကုန်းရေတံခါးအား ဆားငန်ခံရေတံခါးရွက်များ လဲလှယ်တပ်ဆင်မှု ကိုကြည့်ရှုစစ်ဆေးပြီး ပြောင်းလဲတပ်ဆင်ထားသော ရေတံခါးရွက်များအား ရေရှည်ကြံ့ခိုင်ရေးအတွက် စနစ်တကျထိန်းသိမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။ 

ဆက်လက်၍ ရှင်းလင်းဆောင်၌ ဝန်ကြီးဌာနအောက်ရှိ ခရိုင်နှင့် မြို့ နယ် တာဝန်ခံများအား တွေ့ဆုံ၍ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးထပ်စွမ်းအား တိုးမြှင့်စေရေးအတွက် မြေဆီလွှာအခြေအနေများကို တိုင်းတာစစ်ဆေးခြင်းနှင့် လိုအပ်သော သွင်းအားစု အချိုးအဆ ထောက်ခံချက်ပေးရန်၊ ရွှေခရု အပါအဝင် သီးနှံဖျက် ပိုးမွှားရောဂါအန္တရာယ် ကာကွယ်ခြင်း လုပ်ငန်းများကို တောင်သူများ နားလည်သိရှိ ပူးပေါင်းပါဝင် ဆောင်ရွက်ရေး ပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြရန်နှင့် စိုက်ပျိုးဧကများ တိုးတက်လာစေရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးမှာကြားသည်။ 

ထို့နောက် ဒုတိယဝန်ကြီးသည် ကွမ်းခြံကုန်းမြို့နယ် အင်္ဂလုံးကျေးရွာ တောင်သူ ဦးမြင့်ဦး၏ လယ်မြေ ၅ ဧကစိုက်ခင်း၌ မှော်ဘီ-၃ စပါးမျိုးအား မျိုးစေ့ချကိရိယာ (seeder) များဖြင့် မိုးစပါး စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။ 

MOALI