တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ၁/၂၀၂၄ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၊ ဖေဖော်ဝါရီ ၁၄
တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၏ ၁/၂၀၂၄ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၁၄ ရက် နံနက်ပိုင်းက နေပြည်တော်ရုံးအမှတ်(၁၅) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ဗဟိုကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ၊ ဒုတိယ ဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဗဟိုကော်မတီဝင်များ စုံညီစွာတက်ရောက်ကြသည်။

အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြား ရာတွင် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးဇုန်များ တည်ထောင်နိုင်ရန် နှင့် တိရစ္ဆာန်ရောဂါ ထိန်းချုပ်ဇုန်နှင့် ရောဂါကင်းရှင်းဇုန်များ ဖော်ဆောင်ခြင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိရာ ဖော်ဆောင်ပြီး မွေးမြူရေးဇုန်(၂၈)ဇုန် ၊ ဆောင်ရွက်ဆဲ မွေးမြူရေးဇုန် (၉)ဇုန်ရှိပြီး၊ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ခွာနာလျှာနာရောဂါ ထိန်းချုပ်ဇုန် ၊ ခွာနာလျှာနာ ရောဂါကင်းရှင်းဇုန် နှင့် ပြည်ထောင်စုနယ်မြေ(နေပြည်တော်) ခွာနာလျှာနာရောဂါ ထိန်းချုပ်ဇုန်တို့ကို သတ်မှတ် ကြေညာပြီးဖြစ်ပါကြောင်း၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများ ကုန်သွယ်မှုပြုရာတွင် အထောက်အကူဖြစ်စေရန် လိုအပ်သည့် နေရာဒေသများတွင် ခွာနာလျှာနာ ရောဂါ ထိန်းချုပ်ဇုန်၊ ကင်းရှင်းဇုန်များ ဆက်လက်ဖော်ဆောင်နိုင်ရေး နှင့် ဖော်ဆောင်ပြီးဇုန်များ ဆက်လက် တည်တံ့ စေရေးအတွက် ဆက်စပ်ဌာနများ အဖွဲ့အစည်းများ အနေဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်၏ စီးပွားရေး ဦးတည်ချက်တွင်ပါရှိသည့် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့်အကျုံးဝင်သော စိုက်ပျိုးရေး နှင့် မွေးမြူရေးကို ခေတ်မီ နည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး” ဆိုသည့် အချက်နှင့်အညီ နိုင်ငံတော်၏ အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စားရေရိက္ခာဖူလုံစေရေးအတွက် မွေးမြူ ထုတ်လုပ်ရေးကဏ္ဍသည် အဓိကကျသော အခန်းကဏ္ဍက ပါဝင်နေခြင်းကြောင့် ဝန်ကြီးဌာန ၏ မူဝါဒ၊ မျှော်မှန်းချက် နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ မူဝါဒ၊ မျှော်မှန်းချက်များအတိုင်း မွေးမြူရေးလုပ်ငန်းပိုမို ဖွံ့ဖြိုးတိုးတက်ရန် အဖက်ဖက်မှ စနစ်တကျ အစီအမံများချမှတ်၍ ဆောင်ရွက်နိုင်ရေး အတွက် တက်ညီလက်ညီ ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အတွင်းရေးမှူး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်း က တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟို ကော်မတီ၏ (၁/၂၀၂၃ နှင့် ၂/၂၀၂၃) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့ဆက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ အား ရှင်းလင်းတင်ပြသည်။
ထို့နောက် ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးပညာကောင်စီ ၊ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကု ဆရာဝန်များအသင်း၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြပြီး ဒုတိယဥက္ကဌ ဒုတိယဝန်ကြီးက သုံးသပ်တင်ပြသည်။
၎င်းနောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်လာကြသူများက အထွေထွေ ညှိနှိုင်းဆွေးနွေးကြပြီး ဗဟိုကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။