သီးနှံအကန့်လိုက်စိုက်ပျိုးသည့် strip Cropping စနစ်စိုက်ကွင်းကို နေပြည်တော်ရှိ မြို့နယ် (၃)မြို့နယ်မှ လေ့လာရေးအဖွဲ့ လာရောက်လေ့လာ

သီးနှံအကန့်လိုက်စိုက်ပျိုးသည့် strip Cropping စနစ်စိုက်ကွင်းကို နေပြည်တော်ရှိ မြို့နယ် (၃)မြို့နယ်မှ လေ့လာရေးအဖွဲ့ လာရောက်လေ့လာ

နေပြည်တော်၊ ဖေဖော်ဝါရီ(၁၅)

ရာသီဥတုပြောင်းလဲမှုဒဏ်နှင့် ကုန်ဈေးနှုန်းအတက်အကျဒဏ်တို့ကို သီးနှံတစ်မျိုးတည်း စိုက်သည်ထက် ထိခိုက်ပျက်ဆီးမှု နည်းပါးပြီး ခံနိုင်ရည်ရှိစေမည့် သီးနှံ  ၂မျိုး ၊ ၃မျိုးခန့်ဖြင့် အကန့်လိုက်စိုက်ပျိုးသည့် strip Cropping စနစ် နှင့် ရေစီမံခန့်ခွဲမှုကောင်းစေသည့် ဘောင်ကြီးတင်စနစ်ကို တောင်သူများကျင့်သုံးဆောင်ရွက်နိုင်ကြစေရန် စိုက်ပျိုးရေး၊မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန က နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာ တောင်သူ စိုက်ကွင်းတွင် နည်းပညာပေး စံနမူနာပြစိုက်ပျိုးဆောင်ရွက်ထားရှိရာ ဖေဖော်ဝါရီလ(၁၅)ရက် နေ့ နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်များမှ စိုက်ပျိုးရေး နည်းပညာပေးဝန်ထမ်းများနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနဝန်ထမ်းများ လာရောက် လေ့လာခဲ့ကြသည်။

လေ့လာရေးအဖွဲ့အား ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ် က ဆွေးနွေး ပြောကြားရာတွင် ယနေ့ဖြစ်ပေါ်လျက်ရှိသော ရာသီဥတုဖောက်ပြန် ပြောင်းလဲမှု ကြောင့်ဖြစ်စေ ၊ သီးနှံဈေးနှုန်း မငြိမ်သက်မှုကြောင့်ဖြစ်စေ တောင်သူများ၏ ဝင်ငွေ အကျိုးစီးပွားကို ထိခိုက်မှုမရှိစေရန် သီးနှံ ၂မျိုး ၊ ၃မျိုးကို အကန့်လိုက်စိုက်ပျိုးသည့် strip Cropping စနစ် ကို နမူနာပြစိုက်ပျိုးပြသပြီး နည်းပညာဖြန့်ဖြူးပေးခြင်းဖြစ်ကြောင်း၊ သီးနှံ  ၂မျိုး ၊ ၃မျိုးခန့် တွဲဖက်စိုက်ပျိုးခြင်းဖြင့် သီးနှံ တစ်ခု ထိခိုက်ခဲ့ပါက အခြားသီးနှံက ဝင်ငွေပြန်လည် ကာမိစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ အလားတူ ကန်သင်း နှင့် စိုက်ကွက်အနားသပ်မြေလွတ်နေရာများတွင်လည်း ဝင်ငွေရသီးနှံများ စိုက်ပျိုးကြရန် လိုကြောင်း ၊ ဝင်ငွေရသီးနှံများကို စိုက်ပျိုးခြင်းဖြင့် တောင်သူအရင်းအနှီး ပိုမိုရရှိ စေနိုင်မည့်အပြင် အဓိကသီးနှံမပေါ်မီ ဝင်ငွေရရှိစေနိုင်ကြောင်း ၊ ယခုစိုက်ပျိုးပြသထားသည့် စိုက်ကွက်တွင် သီးနှံ(၁၈)မျိုး စိုက်ပျိုးထားရှိရာ နေပြည်တာ်ကောင်စီနယ်မြေတွင် ဖြစ်ထွန်း အောင်မြင်မှုကို အကဲဖြတ်၍ ဒေသရာသီဥတုနှင့်ကိုက်ညီသော သီးနှံပုံစံများကို ဖော်ထုတ်တွေ့ရှိ နိုင်မည်ဖြစ်ကြောင်း ၊ နိုင်ငံ၏ စားသုံးဆီဖူလုံရေး စီမံဆောင်ရွက်မှုကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် နှင့် ဈေးကွက်တွင် လိုအပ်ချက်ရှိနေသည့် ဆီထွက်သီးနှံကို ဤစနစ်နှင့်တွဲဖက်၍ ပိုမိုတိုးချဲ့စိုက်ပျိုးကြခြင်းဖြင့် တောင်သူများ၏ အကျိုးစီးပွား ပိုမိုတိုးတက် မြင့်မားလာစေရေး ကြိုးပမ်းကြရန် တိုက်တွန်းပါကြောင်း ၊ နေကြာသီးနှံ အပါအဝင် ပင်ခြား ဝတ်မှုံကူးသည့်  သီးနှံများ အောင်မြင်ဖြစ်ထွန်း၍ အထွက်တိုးစေရန် ပျား နှင့် အခြား ဝတ်မှုံကူး အင်းဆက်ပိုးများလိုအပ်ကြောင်း၊ သဘာဝပျားများပိုမိုများပြားလာစေရေး နှင့် သီးနှံများပိုမို အောင်မြင်စေရေး အတွက် ပျားများကို ဆွဲဆောင်နိုင်သည့် အဝါရောင်အပွင့်ရှိ နေကြာ၊ ပန်းနှမ်း၊ ဆီမုန်ညှင်း သီးနှံများ စိုက်ပျိုးကြရန် ဆွေးနွေးမှာကြားသည်။ 

ထို့နောက် ဒုတိယဝန်ကြီး နှင့် စိုက်ပျိုးရေးပညာရှင်များ သုတေသီများ က သီးနှံအကန့်လိုက်စိုက်ပျိုးသည့် strip Cropping စနစ်စိုက်ကွင်းနှင့် ဆီထွက်သီးနှံ နေကြာ မျိုးယှဉ်ပြိုင်ကွက်များအတွင်း လေ့လာရေးအဖွဲ့ဝင်များအား လိုက်လံရှင်းလင်းပြသပြီး နည်းပညာရပ်ဆိုင်ရာများကို အသေးစိတ်ရှင်းဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။