ပိုင်ဆိုင်မှုအငြင်းပွားခြင်း မရှိပဲ လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ကြွေးကျန်ကင်းရှင်းပါက လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) အသစ် လဲလှယ်ထုတ်ပေးခြင်းကို ကျေးရွာအရောက် တစ်နေရာတည်းတွင် အပြီး ဆောင်ရွက်ပေးသွားမည်

နေပြည်တော်၊ဖေဖော်ဝါရီ(၈)
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ (၆)ရက်နေ့ နေ့လယ်ပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့နယ် ဆင်သေဆည် လက်ဝဲမြောင်း လက်တံ(၅) နှင့် လက်တံ(၂) ရေသောက်ဧရိယာရှိ ရေအသုံးချ သူများအဖွဲ့(WUG) တောင်သူများနှင့်တွေ့ဆုံ၍ နွေစပါး နွေသီးနှံစိုက်ပျိုးနိုင်ရေး အတွက် လိုအပ်ချက်များ ကူညီပံ့ပိုးပေးနိုင်ရေး ၊ မြောင်းအလိုက် ရေပေးရက်များ နှင့် ပတ်သက်၍ တောင်သူများ၏ သဘောထားများ၊သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရန် လုပ်ငန်းများ ၊ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ သိရှိလိုသည်များနှင့်ပတ်သက်၍ စိုက်ပျိုးရေးဦးစီး ဌာန Call Center သို့ ဆက်သွယ် မေးမြန်းနိုင်မှုတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် တပ်ကုန်းမြို့နယ် အင်ဘက်ကုန်းကျေးရွာ တွင် စက်မှုလယ်ယာဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် စနစ်ကျလယ်ယာမြေ (၁၂၃)ဧက ဖော်ထုတ်ခြင်းလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးပြီး စီမံကိန်းတွင် ပါဝင်သည့် တောင်သူများနှင့်တွေ့ဆုံကာ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရာသီတွင် ဆောင်ရွက်ခဲ့မှုအတွေ့အကြုံများအား မေးမြန်းဆွေးနွေးသည်။
တောင်သူများနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီး က ဆွေးနွေးမှာကြားရာ၌ စိုက်ပျိုးရေး လုပ်ငန်းတွင် မျိုးကောင်းမျိုးသန့်မျိုးစေ့များနှင့် ဓါတ်မြေဩဇာများ အသုံးပြုနိုင်ခြင်းဖြင့် သီးနှံများအောင်မြင်ဖြစ်ထွန်းပြီး တောင်သူများ၏ လူမှုစီးပွားဘဝများ တိုးတက် လာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မိမိတို့ရရှိသည့် သွင်းအားစုများ၏ ဈေးနှုန်းနှင့် အရည်အသွေး မှန်ကန်စေရေး စိစစ်အသုံးပြုရန်လိုအပ်သည့်နည်းတူ ပြန်လည်ပေးသွင်းရာ တွင်လည်း သက်ဆိုင်သူအားလုံးက အပြေအကျေပေးသွင်းမှသာ နောက်သီးနှံအတွက် လှည့်ပတ်အသုံးပြုနိုင်ကြမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရန် သီးနှံမျိုးလိုအပ်ချက် ၊ မြေယာ ပြုပြင်အသုံးပြုမှု၊ စိုက်ပျိုးရေ စနစ်တကျ အသုံးပြုနိုင်ရေး နှင့် နည်းပညာလိုအပ်ချက်များ ကို နိုင်ငံတော်က ဘက်စုံမှ ဖြည့်ဆည်း ဆောင်ရွက်ပေးပြီးဖြစ်ရာ သီးထပ်စွမ်းအားပြည့် စိုက်ပျိုး နိုင်ရေးနှင့် တစ်ဧကချင်း ၏ သီးနှံ အထွက်နှုန်းမြင့်မားရေးကို တောင်သူများဘက်က အားထုတ်ကြိုးပမ်းပေးကြရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေခွဲဝေသုံးစွဲမှုစနစ် မှန်ကန်စေရေး အတွက် ရေသောက်စနစ်တွင်ပါဝင်သော တောင်သူများဖြင့် ရေအသုံးချသူများ အဖွဲ့(WUG) ဖွဲ့စည်းပေးသွားမည်ဖြစ်၍ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ယခုဖော်ထုတ် သည့် စနစ်ကျလယ်ယာမြေ စီမံကိန်းတွင်ပါဝင်သည့် တောင်သူ(၇၀)ဦး အနေဖြင့် အချင်းချင်း ပိုင်ဆိုင်မှုအငြင်းပွားခြင်းမရှိပဲ လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ကြွေးကျန်ကင်းရှင်း ပါက လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) အသစ် လဲလှယ်ထုတ်ပေးခြင်းကို ကျေးရွာအရောက် တစ်နေရာတည်းတွင် အပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့သို့ဆောင်ရွက် နိုင်ကြမည်ဆိုပါက တစ်နိုင်ငံလုံးတွင် စံပြဆောင်ရွက်ပေးနိုင်မှုဖြစ်သည့် အတွက် စီမံကိန်း တွင် ပါဝင်သည့် တောင်သူများ၏ စည်းလုံးညီညွတ်မှုကို ထုတ်ဖော်ပြသနိုင်ရေး ကြိုးပမ်း သွားကြရန် တိုက်တွန်း ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က စနစ်ကျလယ်ယာမြေအဖြစ် ရေသွင်းမြောင်း၊ ရေထုတ်မြောင်း၊ ကုန်ထုတ်လမ်းများ ဖောက် လုပ်ခြင်း အပါအဝင် မြေမျက်နှာပြင်တစ်ခုလုံး တူးဖော်ဆောင်ရွက်ရခြင်းဖြစ်၍ ပထမတစ်သီး စိုက်ပျိုးချိန်တွင် သီးနှံအထွက်နှုန်းထိခိုက်မှုမဖြစ်ပေါ်စေရန် ရိုင်ဇိုဘီယမ် ပဲမြစ်ဖုမြေဩဇာ အသုံးပြုနိုင်ရေးအတွက် သက်ဆိုင်ရာဌာများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ နွေစပါးပန်းတိုင်အထွက်ရရှိရန် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ သဘာဝ မြေဩဇာ ၊ ဓါတ်မြေဩဇာ နှင့် သွင်းအားစုများစနစ်ကျမှန်ကန်စွာ သုံးစွဲရန်လိုအပ်ချက်များ ကို ရှင်းလင်းဆွေးနွေးသည်။
၎င်းနောက် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် သည် ရှားတောကျေးရွာ တောင်သူများ ၏ လယ်မြေတွင် စက်မှုလယ်ယာဦးစီးဌာနက တိုက်ရိုက်မျိုးစေ့ချစက်ဖြင့် နွေစပါး(၁၅)ဧက ကို မျိုးစေ့ချ စံနမူနာပြဆောင်ရွက်ပေးနေမှု နှင့် လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါး (၅)ဧက စံနမူနာပြ စိုက်ပျိုးပြသနေမှုတို့ကိုကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများနှင့် ခင်မင်ရင်းနှီးစွာတွေ့ဆုံ၍ ရာသီအလိုက် သီးနှံ စိုက်ပျိုးထုတ်လုပ်မှု နှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။