မျိုး၊ မြေ၊ ရေ၊ နည်းဆိုင်ရာ သုတေသနလုပ်ငန်းများကို အားပေးမြှင့်တင်

မျိုး၊ မြေ၊ ရေ၊ နည်းဆိုင်ရာ သုတေသနလုပ်ငန်းများကို အားပေးမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ဇွန်လ ဒုတိယပတ်က နေပြည်တော်ရေးဆင်းရှိ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ်မှူးများ၊ ဒေသသုတေသနခြံ တာဝန်ခံများ၊ သုတေသီပညာရှင်များ တက်ရောက်ကြသည်။
ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာ၌ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်သည့် သုတေသနလုပ်ငန်းများ၊ သီးနှံမျိုးရွေးချယ်ခြင်း၊ မျိုးကူးစပ်မွေးမြူခြင်း လုပ်ငန်းများတွင် တောင်သူများ ကိုယ်တိုင်ပူးပေါင်းပါဝင်ဆောင် ရွက်ရန် မိမိတို့ဝန်ကြီးဌာနက တွန်းအားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ အလားတူ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းကျင်းပသော နည်းပညာနှီးနှောဖလှယ်ပွဲများ၊ အသိပညာပေးဆွေးနွေးပွဲများတွင် တောင်သူများကိုယ်တိုင်ပါဝင်ဆွေးနွေး စေပြီး ယင်းတို့၏ အကြံပြု တင်ပြချက်များအပေါ်အလေးဂရုပြုသုံးသပ်ပြီး လိုအပ်ချက်များ ထိရောက်စွာကူညီဖြေရှင်း ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊
တစ်ချိန်တည်းတစ်ပြိုင်တည်းတွင် သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းဆိုင်ရာ သုတေသနလုပ်ငန်းများကို အားပေးမြှင့်တင်ပြီး မျိုး၊မြေ၊ရေ၊နည်းဆိုင်ရာကျွမ်းကျင်ပညာရှင်များ တိုးပွားလာစေရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
ဒေသအလိုက် သီးထပ်စွမ်းအားမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သီးနှံပုံစံနှင့် သီးနှံစိုက်စနစ်ဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုအပေါ် ရင်ဆိုင်ကျော်လွှားနိုင်ရေးဆိုင်ရာ သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ်စူးစမ်းလေ့လာဖော်ထုတ်ပေးရန်လိုအပ်ကြောင်း၊
သုတေသီများအား အဓိကမှာကြားလိုသည်မှာ သုတေသနပြုရရှိလာသည့် ရလဒ်ကောင်းများ တောင်သူများ လက်ဝယ်ရောက်ရှိအသုံးပြုနိုင်ရေးနှင့်စိုက်ပျိုးရေးသုတေသနဦးစီးဌာနက မျိုးစပ်ထုတ် လုပ်ထားသည့် အောင်နိုင်တိုးစပါးမျိုး၊ ရေဆင်းပေါ်ဆန်း(၁)၊ ရေဆင်း ပေါ်ဆန်း(၂)မျိုးများစိုက်ပျိုးသူလက် ဝယ်သို့ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိရန် ဆက်စပ်ဌာနများ၊ လုပ်ငန်းရှင်များ၊ အကျိုးဆောင်တောင်သူများနှင့် ပူးပေါင်းကာ အင်တိုက်အားတိုက်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊
တောင်တန်းဒေသများကို ကိုယ်စားပြုသည့် သုတေသနများ ပိုမိုတိုး ချဲ့ဆောင်ရွက် သွားရန် နှင့် စိုက်ပျိုးရေးသုတေသနခြံများ၊စိုက်ပျိုးရေးဦးစီးဌာနခြံများနှင့်မြို့နယ်အသီးသီး တွင် ဆင်းရွှေကြာ-၂ ကို Recurrent Mass Selection ဆောင်ရွက်ရန် လိုအပ်ပြီး ဝါသီးနှံ စိုက်ပျိုးရေးအတွက် အားလုံးပါဝင်သော မျိုးစေ့ထုတ်လုပ်ရေး၊ မျိုးစေ့နည်းပညာ ၊ အပင်ဦးရေ နှင့် အပင်ရွယ်အစား ထိန်းညှိခြင်း သုတေသနများ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ အလားအလာ ကောင်းသည့်ဝါမျိုးလိုင်းများအား ဆက်လက် ဆောင်ရွက်ရမည့်လေ့လာမှုများပြုလုပ်၍ မျိုးသစ်ထွက်ပေါ်လာရေး ဆောင်ရွက်သွားစေလိုကြောင်း ဆွေးနွေးမှာကြားသည်။
ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန တိုင်းဒေသကြီး ပြည်နယ်မှူးများ၊ ဒေသသုတေသနခြံ တာဝန် ခံများ၏ လုပ်ငန်းဆောင်ရွက်ချက် တင်ပြမှုများအပေါ် ဒုတိယဝန်ကြီး က ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
MOALI