စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်၏ တတိယအကြိမ်အစည်းအဝေး ကျင်းပ

နေပြည်တော် မေ ၂၂
စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးရေး ကော်မရှင်၏ တတိယအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ညိုစောနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။
ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးညိုစောက အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေး၌ မန္တလေးငလျင်ကြီးကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍများတွင် ထိခိုက်ပျက်စီးမှုများအပေါ် ပြန်လည်ဖြည့်ဆည်းဆောင်ရွက်မည့် အစီအစဉ်များ ဆွေးနွေး ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ အလားတူ ၂၀၂၅-၂၀၂၆ ခုနှစ်၊ စိုက်ပျိုးရေး၊ မွေးမြူရေး လျာထားချက်များ ပြည့်မီရေးအတွက် လိုအပ်သည့် သွင်းအားစုများဖြည့်ဆည်း ဆောင်ရွက်ရေး ကိစ္စရပ်များနှင့် လက်ရှိသီးနှံများစိုက်ပျိုးသည့် ကာလအတွင်း နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များအားလုံး၌ လျာထားချက် ပြည့်မီမှန်ကန်အောင် စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိအောင် ဆောင်ရွက်နိုင်ရေး အတွက် အစီအမံများ၊ လိုအပ်ချက်များကို ကဏ္ဍအလိုက်၊ ဒေသအလိုက် ဆွေးနွေးတင်ပြသွားရန်ဖြစ်ပြီး ကော်မရှင်အနေဖြင့် လိုအပ်သော လမ်းညွှန်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၄) တွင် နိုင်ငံတော် အကြီးအကဲက စိုက်ပျိုးရေးလုပ်ငန်းများတွင် တစ်ဧက ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင် ထွက်ရှိစေရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်လာစေရေး ဝိုင်းဝန်းကြပ်မတ် ဆောင်ရွက် ကြစေလိုကြောင်း လမ်းညွှန်မှာကြားခဲ့သည့်အတွက် ကော်မရှင်ဝင်များ၊ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များမှ ကြပ်မတ်ဆောင်ရွက်ပြီး လိုအပ်ချက်ကိုတင်ပြဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊
စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် တစ်ဧက အထွက်နှုန်း ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်သကဲ့သို့ သီးထပ်စွမ်းအားများ တိုးတက်လာအောင် ဆောင်ရွက်နိုင်မည်ဆိုပါက စိုက်ပျိုးရေးကဏ္ဍအနေဖြင့် များစွာ တိုးတက်လာမည် ဖြစ်ပြီး၊ ပို့ကုန်များလည်း ပိုမိုရရှိလာမည် ဖြစ်ကြောင်း၊
တစ်ဖက်ကလည်း ပြည်ပပို့ကုန်နှင့်ပတ်သက်ပြီး လုပ်ငန်းရှင် အသင်း အဖွဲ့/ အသင်းချုပ်များမှ ပို့ကုန်ရငွေ ပြန်လည်ပေးသွင်းရေးနှင့် ပြည်ပသို့ တင်ပို့သည့် Export လုပ်ငန်းစဉ်များ နိုင်ငံခြားငွေ မှန်ကန်စွာရရှိရေးတို့အား ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်သွားရန် လိုအပ်မှာဖြစ်ပါကြောင်း၊
ပြည်တွင်း စားသုံးဆီဖူလုံမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ၌ အများစု စိုက်ပျိုးကြသည့် ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီအုန်း၊ ပဲပုပ်သီးနှံများကို ပန်းတိုင်ရည်မှန်းချက်များအတိုင်း ထွက်ရှိစေရေးနှင့် ဆီအုန်း စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက် ကြရန်လိုကြောင်း၊ စိုက်ပျိုးရန် ခွင့်ပြုထားသော မြေများကို စနစ်တကျအသုံးချရန် နှင့် အပြည့်အဝ စိုက်ပျိုးရန် လိုအပ်ကြောင်း၊
၎င်းအပြင် အခြေခံစားကုန်ပစ္စည်းများဖြစ်သည့် အာလူး၊ ကြက်သွန်၊ ငရုတ်၊ ခရမ်းချဉ်နှင့် အခြားသီးနှံများကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဖူလုံမှုရှိစေရန် ပိုလျှံသည်များကိုအား ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံမှ ထွက်ရှိသော အခြေခံစားကုန် သီးနှံများကို ဝယ်ယူလိုသော ပြည်ပဈေးကွက် လိုအပ်ချက်များ များစွာရှိပြီးဖြစ်၍ အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ အလားတူ စိုက်ပျိုးရေးလုပ်ငန်း များမှ ထွက်ရှိလာသော ထွက်ကုန်များ၊ စွန့်ပစ်ပစ္စည်းများဖြင့် တိရစ္ဆာန်အစာပြုလုပ်ပြီး ကျွေးမွေးနိုင်ပါကြောင်း၊ မွေးမြူရေးလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ခေတ်မီမွေးမြူရေး နည်းပညာများ၊ ကျွေးမွေးမှုနည်းစနစ် အသစ်များကို စဉ်ဆက်မပြတ် စူးစမ်းလေ့လာ ဖော်ထုတ်ပြီး မွေးမြူရေး အထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
စိုက်ပျိုးရေးလုပ်ငန်းတွင် ပန်းတိုင်ရည်မှန်းချက် ပြည့်မီမှုရှိစေရန် ၊ ဆီထွက်သီးနှံများ အထွက်နှုန်းကောင်းစေရန်နှင့် သီးထပ်စွမ်းအားများ ရာနှုန်း ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ဝင်ငွေပိုမိုရရှိလာမည် ဖြစ်ပါကြောင်း၊
မိမိတို့နိုင်ငံ အနေဖြင့် ရေခံမြေခံကောင်းများနှင့် လုပ်အားအရင်း အမြစ်များရှိပြီးဖြစ်၍ ကုန်ထုတ်လုပ်မှုတိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွား ရေးကိုမြှင့်တင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဝယ်လိုအားနှင့် ရောင်းလိုအား မျှတဖူလုံစေရန်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ထုတ်လုပ်မှု တိုးမြှင့်အောင် မိမိတို့အနေဖြင့် ကြိုပမ်း ဆောင်ရွက် သွားရန် လိုအပ်ကြောင်း နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှာ ကြားထားပါကြောင်း၊
ငလျင်ဒဏ်ကြောင့်ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့်ဒေသများတွင် စိုက်ပျိုး ရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေးကို တာဝန်ရှိသူများက ဆောင်ရွက် ပေးရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေ လုံလောက်စွာ ရရှိရေးအတွက် နေရောင် ခြည်စွမ်းအင်သုံး မြစ်ရေတင်လုပ်ငန်းများ ဆောင်ရွက်ရန် လိုကြောင်း၊ ငလျင် ထိခိုက်မှု မရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အနေဖြင့် မွေးမြူရေးလုပ်ငန်းများကို ပိုမိုတိုးချဲ့ဆောင်ရွက်သွားရန် လိုကြောင်း ၊ မိမိတို့ အနေဖြင့် ပြည်သူများ၏ စားရေးအတွက် ပူပန်မှု မရှိအောင် ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ငလျင်ဘေးဒဏ် ဖြစ်ပွားမှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ၌ ပြန်လည်ဆယ်တင်မှုများ ဆောင်ရွက်နိုင်ရေး၊ မလိုလားအပ်သည့် ထိခိုက် ဆုံးရှုံးမှုများ ဆက်လက် မဖြစ်ပေါ်လာစေရေး၊ လိုအပ်သော အသိပညာပေးမှုများကို ကွင်းဆင်း ဆောင်ရွက်လျက်ရှိမှုတို့နှင့် ပတ်သက်ပြီး ဆွေးနွေးတင်ပြရန် ဖြစ်ကြောင်း၊
နိုင်ငံတော်အကြီးအကဲမှ ၂၀-၅-၂၀၂၅ ရက်နေ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် နယ်စပ်ဒေသများ၌ စည်းစနစ်ကျသည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးများအနေဖြင့် မိမိတို့၏ တင်ပြချက်များသည် အချက် အလက်များ မှန်ကန်မှုရှိရန်နှင့် မြေပြင်အချက်အလက်များနှင့် ကိုက်ညီမှုရှိရန် လိုအပ်ကြောင်း၊ အချက်အလက်များ မှန်ကန်မှု ရှိမှသာလျှင် နောင်တွင် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များအတွက် မှန်ကန်သည့် ဆုံးဖြတ်ချက်များ ကို ချမှတ်နိုင်မည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် ပန်းတိုင် ရည်မှန်းချက် ပြည့်မီရေးအတွက် လိုအပ်သည့် သွင်းအားစုများကို မှန်မှန် ကန်ကန် ဖြည့်သွင်းပေးနိုင်ရန် လိုအပ်မည်ဖြစ်ပြီး စိုက်နည်း စနစ်များလည်း မှန်ကန်မှု ရှိရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးကို အခြေခံသည့် မွေးမြူရေး လုပ်ငန်းများကိုလည်း အောင်မြင်စွာဆောင်ရွက်နိုင်သည့် အခြေခံကောင်း များကို ပိုင်ဆိုင်ထားရှိပြီးဖြစ်ကြောင်း၊ စိုက်ပျိုးရေးကို အခြေခံသည့် Agro-Base Industry ကို သွားနိုင်ရေး ဆောင်ရွက်ရမည် ဖြစ်ပြီး ဥပမာအား ဖြင့် ဝါစိုက်ပျိုးမှုကို အောင်မြင်အောင် ဆောင်ရွက်ပြီး ဝါကို အခြေခံသည့် စက်မှု လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်ကြောင်း၊ ဝါမှ ချည်ထည် ၎င်းမှ ပိတ်စအထည်အလိပ် လုပ်ငန်းစဉ်တစ်ခုလုံး ဆောင်ရွက်၍ ရကြောင်း အလားတူ ဝါးကို အခြေခံသည့် စက်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက်၍ ရနိုင်ကြာင်း လမ်းညွှန်ထားပါကြောင်း၊
ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ စိုက်ပျိုးမွေးမြူရေး နှင့်ပတ်သက်သည့် အဖွဲ့ချုပ်များ၊ လုပ်ငန်းရှင်များ အနေဖြင့် လမ်းညွှန် မှာကြားချက်များကို အလေးထား လိုက်နာဆောင်ရွက်ပြီး လိုအပ်ချက်ကို ဆွေးနွေးပေးနိုင်ပါရန်နှင့် ကော်မရှင် အနေဖြင့် မိမိတို့နိုင်ငံနှင့် သင့်တော်သော နည်းလမ်းနှင့်စနစ်ကို လက်တွေ့အကောင်အထည် ဖော်နိုင်ရေးဦးတည်ပြီး ညှိနှိုင်း ပေါင်းစပ်ဆုံးဖြတ်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်၏ ဒုတိယ အကြိမ် အစည်းအဝေး လမ်းညွှန်ချက်များနှင့် ဆုံးဖြတ်ချက်များကို ကော်မရှင်အတွင်းရေးမှူးက ရှင်းလင်းတင်ပြပြီး ကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဖွံ့ဖြိုးရေး ကော်မရှင် ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
MOALI