စိုက်ပျိုးရေပေးဝေရာတွင် ရေလှည့်စနစ်ဖြင့် အလှည့်ကျပေးဝေနိုင်ရေး၊ သီးနှံအထွက်နှုန်းလျော့ကျမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး

စိုက်ပျိုးရေပေးဝေရာတွင် ရေလှည့်စနစ်ဖြင့် အလှည့်ကျပေးဝေနိုင်ရေး၊ သီးနှံအထွက်နှုန်းလျော့ကျမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော်၊ မေ ၁၂

နေပြည်တော်ကောင်စီနယ်မြေအတွင်း မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးနောက် ထိခိုက်ပျက်စီးခဲ့သည့် လယ်ယာမြေများအား စိုက်ပျိုးရေပြန်လည်ပေးဝေနေမှု အခြေနေများနှင့် ငလျင်ဒဏ်ကြောင့် ရေသောက်စနစ်များ ထိခိုက်ပျက်စီးမှုအပေါ် သီးနှံအထွက်နှုန်းများ ထိခိုက်မှု မရှိစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် မေ ၁၁ ရက်နေ့ နံနက်ပိုင်းက တပ်ကုန်းမြို့နယ် ဆင်သေဆည်ရေသောက်စနစ် လက်တံမြောင်း အဖျားပိုင်းရှိ နွေစပါးစိုက်ခင်း များအား ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ကွင်းဆင်းကြည့်ရှုစစ်ဆေးစဥ် နွေစပါးစိုက်ခင်းများ အောင်မြင်ဖြစ် ထွန်းစေရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် စိုက်ပျိုးရေ ပေးဝေရာတွင် ရေလှည့်စနစ်ဖြင့် အလှည့်ကျပေးဝေနိုင်ရေးနှင့် သီးနှံအထွက်နှုန်းလျော့ကျမှု မရှိစေရေးအတွက် လိုအပ်သည့် သွင်းအားစုများ၊ နည်းပညာများအား တောင်သူ့ စိုက်ခင်း အရောက်ကွင်းဆင်း၍ အမြဲမပြတ် အသိပညာပေး ဆက်လက်ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။ 

ထို့နောက် ဆည်ရေသောက် တောင်သူများနှင့်တွေ့ဆုံ၍ ဆင်သေဆည်ရေ သောက်စနစ်အတွင်းရှိ နွေစပါးနှင့် နွေသီးနှံလျာထား ဧရိယာများအားလုံးသို့ စိုက်ပျိုးရေ သွက် လက်ထိရောက်စွာ အချိန်မီပေးဝေနိုင်ရေးအတွက် တောင်သူများ အနေဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကိုယ်တိုင်ပါဝင်၍ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေဝင်မြောင်းများအတွင်းရှိ မြက်၊ ခြုံ၊ အမှိုက်များရှင်းလင်းဖယ်ရှားပြီး စိုက် ပျိုးရေကို လယ်ကွင်းထဲအရောက် ကြိုးစားပူးပေါင်း ဆောင်ရွက်ကြရန် လိုကြောင်း၊ တောင်သူအချင်းချင်း ညီညွတ်မျှတသည့် စိတ်ဓာတ်ကို အခြေခံပြီး ဌာနမှစီစဉ်ပေးထားသည့် အတိုင်း စိုက်ပျိုးရေကို အထက်အောက် မျှတစွာ  ခွဲဝေသုံးစွဲကြရန်နှင့် မန္တလေး ငလျင်ကြီးလှုပ်ခတ်ပြီးနောက် စိုက်ပျိုးရေ ‌ခေတ္တပြတ်လပ်မှု ဖြစ်ပေါ်ခဲ့သော်လည်း စိုက်ပျိုးရေပြန်လည်ပေးဝေရာတွင် ဦးစွာရေဖူလုံစွာရရှိခဲ့သော ဧရိယာများအား ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက် ပျိုးရေ ပြတ်လပ်မှုကာလ ကြာမြင့် ခဲ့ပြီး ရေနောက်ကျမှရရှိသော ဧရိယာများအား သီးနှံအထွက်နှုန်း လျော့ကျမှု မရှိစေရေးအတွက် ဆက်လက်ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရေး ဆွေးနွေးမှာ ကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ်ရှိ ဆင်သေရေလွှဲဆည်၏ လက်ဝဲမြောင်းမကြီး၊ လက်ယာမြောင်းမကြီးများမှတဆင့် လက်တံမြောင်းခွဲများသို့ စိုက်ပျိုးရေ ပို့လွှတ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်း ရရှိသည်။

MOALI