ပြင်ဦးလွင်မြို့နယ်အတွင်း ရေဖူလုံမှုရှိစေရေး ရေအရင်းအမြစ်များ စူးစမ်းလေ့လာ

နေပြည်တော် မေ ၉
စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မေ ၇ ရက်နေ့ ညနေပိုင်းတွင် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့်အတူ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့်တာဝန်ရှိသူများအားတွေ့ဆုံ၍ ပြင်ဦးလွင်မြို့နယ်အတွင်း သောက်သုံးရေ၊ စိုက်ပျိုးရေဖူလုံမှုရှိစေရေး ကွင်းဆင်းစူးစမ်းလေ့လာဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများကို ညှိနှိုင်းဆွေးနွေးကြသည်။
အဆိုပါညှိနှိုင်းဆွေးနွေးချက်များအရ မေ ၈ ရက်နေ့ နှင့် ၉ ရက်နေ့များတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရေအရင်းမြစ်များ စူးစမ်းလေ့လာရေးအဖွဲ့များနှင့်အတူ ရေရရှိရေး ဆောင်ရွက်မည့် အဆိုပြုနေရာများ ၊ ရေပိုမိုပေးဝေနိုင်ရေးအတွက် ဖြစ်မြောက်နိုင်စွမ်းရှိသည့် ရေအရင်းအမြစ်နေရာများ ၊ လက်ရှိအသုံးပြုလျက်ရှိသော ဆည်တမံများ၏ ကြံ့ခိုင်မှု ၊ ရေသိုလှောင်ထားရှိမှု ၊ မြို့သောက်သုံးရေပေးဝေနေမှု ၊ ရေဝေရေလဲ ဧရိယာများ၏ အခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ကွင်းဆင်းလေ့လာချက်များအရ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့နယ်အတွင်း သောက်သုံးရေ၊ စိုက်ပျိုး မွေးမြူရေးနှင့် စက်မှုလုပ်ငန်းသုံး ရေရရှိရေးတို့ကို ဆောင်ရွက်နိုင်မည့်နည်းလမ်းများအား အနာဂတ်ကာလ ရေလိုအပ်ချက်များနှင့် ပေါင်းစပ်ဖော်ထုတ်ခဲ့ကြသည်။
ကျေးရွာအုပ်စု ၃၇ အုပ်စု၊ ရပ်ကွက်ကြီး ၂၁ ခုရှိသည့် ပြင်ဦးလွင်မြို့နယ်၌ တည်ဆောက်ပြီး ဆည်တမံများဖြစ်သည့် ဆင်လမ်းတမံ၊ ဒိုးကွင်တမံ၊ စည်သာတမံ နှင့် စည်သာရေကူတမံ တို့မှ မြို့ပြရပ်ကွက်ကြီး ၁၂ ခု နှင့် ပြင်ဦးလွင်တပ်နယ် အပါအဝင် ဌာနဆိုင်ရာများသို့ တစ်ရက်လျှင် သောက်သုံးရေဂါလန် ၆ ဒသမ ၂ သိန်း နေ့စဉ်ပေး ဝေလျက် ရှိသကဲ့သို့ ဂဲလောင်ချောင်း နှင့် သဗြိုက်ချောင်းများပေါ်ရှိ ကျေးရွာရေလွှဲ ဆည်ငယ်များမှလည်း စိုက်ပျိုးရေ ပေးဝေလျက်ရှိကြောင်း၊ ပြင်ဦးလွင်မြို့နယ်၌ နေထိုင်သူလူဦးရေ နှစ်စဉ်တိုးတက်လာလျက်ရှိရာ နှစ်အလိုက် ထပ်မံလိုအပ်လာနိုင်သည့် သောက်သုံးရေနှင့် စိုက်ပျိုးရေ ဖူလုံမှုရှိစေရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
MOALI