နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ငလိုက်ရေလှောင်တမံနှင့် ဖောင်းလောင်ရေလှောင်တမံကြံ့ခိုင်မှုအခြေအနေ ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ငလိုက်ရေလှောင်တမံနှင့် ဖောင်းလောင်ရေလှောင်တမံကြံ့ခိုင်မှုအခြေအနေ ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဧပြီ ၂၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ဧပြီ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ဇမ္ဗူသီရိမြို့နယ်ရှိ ငလိုက်ရာဘာ ရေလွှဲဆည်နှင့် ဥတ္တရသီရိမြို့နယ်၊ ကျွဲရှင်းကျေးရွာ အနီးရှိ ငလိုက်‌ရေလှောင်တမံ၊ ဖောင်းလောင်ရေလှောင်တမံတို့၏ မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးနောက် ကြံ့ခိုင်မှု အခြေအနေများ၊ ဆည်ရေသောက်စနစ်များ ထိခိုက်ခဲ့မှုနှင့် အရေးပေါ်ယာယီ ပြုပြင်ဆောင်ရွက်၍ စိုက်ပျိုးရေပြန်လည် ပေးဝေနေမှု အခြေ အနေများအား ကွင်းဆင်း ကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးသည်    ငလိုက်ရာဘာ ရေလွှဲဆည် ကြံ့ခိုင်မှုအခြေအနေနှင့် လက်ဝဲ/လက်ယာ ရေသောက်စနစ်အချို့ထိခိုက်ပျက်စီး ခဲ့မှုအပေါ် အရေးပေါ်ယာယီ ပြုပြင် ဆောင်ရွက်၍ နွေစပါး၊ နွေအခြားသီးနှံများကို စိုက်ပျိုးရေ ပြန်လည်ပေးဝေမှု အခြေအနေများ အားလည်းကောင်း၊ ငလိုက်‌ရေလှောင်တမံ၊ ရေပိုလွှဲ၊ ရေထုတ်ပြွန်နှင့် ဆက်စပ်ရေအား အဆောက်အအုံ ကြံ့ခိုင်မှုအခြေအနေများအားလည်း ကောင်း ကြည့်ရှုစစ်ဆေးစဥ် မူလလျာထားဧကများအတိုင်း စိုက်ပျိုးရေအပြည့်အဝ ပြန်လည် ပေးဝေနိုင်ရေး ဆွေးနွေးမှာကြားသည်။

ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့် ငလိုက်ဆည်ရေသောက်စနစ်အတွင်းထိခိုက် ပျက်စီးခဲ့သော ရေပေးမြောင်းနှင့် ဆက်စပ်ရေအားအဆောက်အအုံ များအား အရေးပေါ်ယာယီပြန်လည် ပြုပြင်ပြီးနောက် နွေစပါး၊ နွေသီးနှံ စိုက်ပျိုးရေများအား ဧပြီ ၃ ရက်နေ့မှ စတင်၍ပြန်လည် ပေးဝေလျက်ရှိကြောင်းနှင့် လျာထားဧက ပြည်မီအောင်စိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးနောက် ဖောင်းလောင်ရေလှောင်တမံ အနည်းငယ်ထိခိုက်ခဲ့မှုအခြေအနေ၊ ဆက်စပ်ရေအား အဆောက်အအုံများ ကြံ့ခိုင်မှုအခြေအနေနှင့် ဆည် ရေသောက်စနစ်များ ထိခိုက်ခဲ့မှုနှင့် အရေးပေါ်ယာယီ ပြုပြင်ဆောင်ရွက် ၍ စိုက်ပျိုးရေပြန်လည် ပေးဝေနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး စဥ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူ များက မန္တလေးငလျင်ကြီး လှုပ်ခတ်အပြီး ရေလှောင်တမံနှင့်ပတ်သက်၍ ကြံ့ခိုင်မှုများကို အချိန်နှင့်တစ်ပြေးညီ နေ့စဥ်တိုင်းတာ စစ်ဆေးခဲ့မှုအခြေ အနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ရေလှောင်တမံနှင့် ဆက်စပ်ရေအားအဆောက်အအုံများ ဘေးကင်းလုံခြုံမှုအခြေအနေ မျက်မြင်စစ်ဆေးမှု အစီရင်ခံစာပါ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်နှင့် နည်းပညာပိုင်းဆိုင်ရာ လိုအပ်သည်များ ဖြည့် စွက်မှာကြားခဲ့ပြီး နွေစပါး စိုက်ပျိုးရာသီအပြီး မိုးစပါးစိုက်ပျိုးရေ မပေးဝေမီ ကြားကာလအတွင်း လိုအပ် သည့်အခိုင်အမာပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စီမံကြရန်၊ ရေသောက်စနစ်များတွင် စိုက်ပျိုးရေပြန်လည်ပေးဝေမှုအပေါ် ရေကို အလေအလွင့်နည်းပါးစွာဖြင့် အကျိုး ရှိစွာ အသုံးချနိုင်ရေး စီမံဆောင်ရွက်ကြရန်၊ မူလလျာထား စိုက်ပျိုးဧရိယာများအားအထွက်နှုန်းလျော့ကျ မှုမရှိစေရေးနှင့်  တောင်သူများအား ရေအနည်းလိုစပါးမျိုးများ ရွေးချယ်စိုက်ပျိုးနိုင်ရေး အသိပညာပေး ဆောင်ရွက်ကြရန်နှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များအား သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

MOALI