မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ အကြိမ်(၃၀)မြောက်အစည်းအဝေးကျင်းပ

မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ အကြိမ်(၃၀)မြောက်အစည်းအဝေးကျင်းပ

နေပြည်တော်၊ မတ် ၁၉ 

မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ၏ အကြိမ် (၃၀) မြောက် အစည်းအဝေးကို မတ် ၁၉ ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော်၊ ရုံးအမှတ်(၄၃) စိုက်ပျိုးရေး ဦးစီးဌာနရုံးချုပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။

အစည်းအဝေးတွင် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ ဥက္ကဌ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ပြည်တွင်းမှ ထုတ်လုပ်သော သီးနှံမျိုးများကို အဓိကထားသုံးစွဲနိုင်ရေး စီမံဆောင်ရွက်ခြင်းဖြင့် ပြည်ပမှ တင်သွင်းအသုံးပြုရသည့် မျိုးစေ့များအပေါ်မှီခိုနေရမှုနှင့် နိုင်ငံခြားငွေသုံးစွဲရမှု လျှော့ချနိုင်ရေး  စီမံဆောင်ရွက်ကြရန်၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးတက္ကသိုလ်တို့အနေဖြင့် မျိုးစေ့ထုတ်လုပ်ခြင်းဆိုင်ရာ သုတေသနပြုလုပ်ငန်းများမြှင့်တင်ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း၊ ပြည်ပမှတင်သွင်းသည့် စပ်မျိုးစပါးမျိုးစေ့များ သုံးစွဲရာတွင် စနစ်တကျ စိစစ်ဆောင်ရွက်ရန်၊ ဆန်စပါး ပြည်တွင်း စားသုံးမှု ဖူလုံပြီးဖြစ်သော မိမိတို့နိုင်ငံအနေဖြင့် ပြည်တွင်းရှိပြီး မျိုးများကိုသာ မျိုးကောင်း မျိုးသန့်များ ရွေးချယ်ပွားများ စိုက်ပျိုးကြရန်ဖြစ်ကြောင်း၊ မျိုးစပ်ခြင်း Hybrid Tech-nology နည်းပညာ တိုးတက်နေသော်လည်း ပြည်ပမျိုးနှင့် ပြည်တွင်း မျိုးယှဉ်ပြိုင်နိုင်ရန် လိုအပ်နေသေးကြောင်း၊ ပြည်တွင်း အရည်အသွေးကောင်းမျိုးများ ထုတ်လုပ်နိုင်ရေး အားပေးမြှင့်တင်ပေးမှသာ နည်းပညာ ပိုမိုတိုးတက်လာပြီး ပြည်တွင်းပညာရှင်များလည်း မျိုးသစ်များ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ အစေ့ထုတ်ပြောင်းမျိုးများကို ပြည်တွင်း၌ မျိုးစပ်ထုတ်လုပ်ခြင်းကို အားပေးလျက် ရှိကြောင်း၊ ပြည်တွင်းထုတ် မျိုးစေ့ရရှိနိုင်မှုအပေါ်မူတည်ပြီး လိုအပ်မှသာ ပြည်ပမျိုးတင်သွင်းခြင်းကို ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ ပေါ်ဆန်းစပါး စိုက်ပျိုးထုတ်လုပ်ခြင်းကို အားပေးမြှင့်တင်ပြီး ပြည်တွင်းစားသုံးမှု ဖူလုံရေးအပြင် ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေးအတွက် ပေါ်ဆန်းစပါး မျိုးစေ့ထုတ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေး အားပေးဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မြန်မာ့ပေါ်ဆန်းစပါးဟု သတ်မှတ်နိုင်ရန်အတွက် ပေါ်ဆန်းမျိုးများထဲမှ စစ်မှန်သောမျိုးကို ရွေးချယ်ပွားများထုတ်လုပ်ရန် ပညာရှင်များက ကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

အစည်းအဝေးတွင် ပုဂ္ဂလိကကုမ္ပဏီများက မျိုးသစ်အသိအမှတ်ပြုလက်မှတ်ရရှိရေး တင်ပြလာသည့် သီးနှံမျိုးများနှင့် အထွေထွေကိစ္စရပ်များကို အစည်းအဝေးတက်ရောက်လာကြသည့် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီဝင်များက အသေးစိတ် စိစစ်ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။                                                                    

MOALI