မကွေးတိုင်းဒေသကြီး၏ စိုက်ပျိုးရေဖူလုံရေးနှင့် ရေသယံဇာတထိန်းသိမ်းအသုံးပြုနိုင်ရေး မြေအောက်တမံများ တည်ဆောက်အသုံးပြု

နေပြည်တော်၊ မတ် ၂၄
မိုးနည်းရေရှားပြီး ပူပြင်းခြောက်သွေ့သည့် အညာဒေသတွင် မြေအောက်ရေ အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ပြီး ဒေသနေပြည်သူများ စိုက်ပျိုးရေ၊ သောက်သုံးရေ ထုတ်ယူသုံးစွဲနိုင်စေရန် ရည်ရွယ်၍ မြေအောက်တမံတည်ဆောက်ခြင်း လုပ်ငန်းများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မှ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် မတ်၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး တောင်တွင်ကြီးမြို့နယ် ယင်းမလည်ချောင်းပေါ်ရှိ မြေအောက်တမံ တည်ဆောက်မည့် နေရာအား ကြည့်ရှုစစ်ဆေးသည်။
ကွင်းဆင်းကြည့်ရှုစစ်ဆေးစဥ် ဒုတိယဝန်ကြီးက ချောင်းကမ်းဘေးနှစ်ဖက်ရှိ မြေသား အနေအထား၊ ချောင်းကြမ်းပြင် ရေလုံလွှာ အနေအထားတို့ကို ဘူမိဗေဒ စမ်းသပ်မှုများ ထပ်မံစစ်ဆေးရေး၊ နှစ်စဉ်မိုး ရေချိန် နည်းပါးပြီး ပူပြင်းခြောက် သွေ့သော မကွေးတိုင်းဒေသကြီးအတွင်း မြေအောက်ရေအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဒေသနေပြည်သူများ စိုက်ပျိုးရေ သောက်သုံးရေ ပိုမိုဖူလုံစွာ ထုတ်ယူသုံးစွဲနိုင်စေရေးအတွက် ရည်မှန်းကာ မြေအောက်တမံများကို ထပ်မံဆောင်ရွက်သွားမည်ဖြစ်၍ သဲချောင်းများအား စူးစမ်းလေ့လာ တိုင်းတာခြင်း လုပ်ငန်းများကို ယခုထက်ပိုမို လုပ်ဆောင်ထားကြရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် မကွေးမြို့နယ်၊ ဆိပ်သာကျေးရွာအနီးတွင် ဆောင်ရွက်လျက်ရှိသော ဆိပ်သာဆိုလာစနစ် ရေတင်စီမံကိန်းသို့ရောက်ရှိရာ တာဝန်ရှိသူများက ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ဤဒေသရှိတောင်သူများအနေဖြင့် ရာသီဥတုဖောက်ပြန်ပြီး မိုးခေါင်ခြင်း၊ မိုးရွာသွန်းမှု နည်းပါးခြင်းများကြောင့် သီးနှံစိုက်ပျိုးမှု အခက်အခဲများ တွေ့ကြုံနေရသဖြင့် အနီးဆုံးရေအရင်းအမြစ်ရှိရာ ဧရာဝတီမြစ်မှ ဆိုလာစနစ်ဖြင့် ရေတင်ပြီး တစ်နှစ်ပတ်လုံး ရာသီမရွေး စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း၊ ဒေသတွင်း တောင်သူများအတွက် အလျင်အမြန်အကျိုးရလဒ် (Quick Win) ရရှိစေနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းဖြစ်သောကြောင့် စက်ယန္တရားများ လုံလောက်စွာ အသုံးပြု၍ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ လုပ်ငန်းစံချိန်စံညွှန်း အရည်အသွေး ပြည့်မီရေးနှင့် စီမံကိန်းလုပ်ငန်း ပြီးစီးပါက သီးနှံပုံစံအလိုက် စိုက်ပျိုးရေ လိုအပ်ချက်အတိုင်း အပြည့်အဝ ပေးဝေ စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် မကွေးမြို့နယ်ရှိ ညောင်ပင်ခလချောင်းနှင့် ဖလံချောင်းတို့တွင် မြေအောက်တမံများ တည်ဆောက်နိုင်ရန် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များအား ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ မကွေးတိုင်း ဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ထိန်းသိမ်းရေးရုံး အစည်းအဝေးခန်းမ၌ ဝန်ကြီး ဌာနအောက်ရှိ တိုင်းဒေသကြီး ဦးစီးမှူးများနှင့် တွေ့ဆုံ၍ မြေအောက်တမံများ တည်ဆောက်ပြီး စိုက်ပျိုးရေ ပေးဝေနိုင်ရေး ဆိုင်ရာကိစ္စရပ်များ၊ နွေစပါးနှင့် အခြားသီးနှံများ ရေပေးဝေမှု ဆိုင်ရာကိစ္စရပ်များ၊ သီးထပ်စွမ်းအား တိုးတက်ရေး၊ ပန်းတိုင်အထွက်နှုန်း ပြည့်မီရေးဆိုင်ရာကိစ္စရပ်များနှင့် မွေးမြူရေးဏ္ဍဆိုင်ရာများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်း ရရှိသည်။
MOALI