ဥပဒေအသိပညာဖြန့်ဝေခြင်း ဆင့်ပွားသင်တန်း အမှတ်စဉ် (၃) သင်တန်းဖွင့်လှစ်

နေပြည်တော်၊ မတ်၂၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေအသိပညာဖြန့်ဝေခြင်း ဆင့်ပွားသင်တန်း အမှတ်စဉ်(၃) ကို မတ် ၂၄ ရက် နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ် ၃၆ ၌ ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် နှင့် ဌာနတာဝန်ရှိသူများ၊ ဥပဒေအသိပညာ ဆင့်ပွား ဖြန့်ဝေပေးကြမည့် သင်တန်းနည်းပြများ၊ နိုင်ငံ့ဝန်ထမ်း သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက သင်တန်းဖွင့်အမှာ စကားပြောကြားရာတွင် စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာလုပ်ငန်းစဉ်များကို ကဏ္ဍအသီးသီးမှ အကောင်အထည်ဖော်ဆောင်ရွက်ကြရာတွင် ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ကြစေရေးအတွက် လုပ်ငန်းခွင်ဆိုင်ရာ အရည်အသွေးမြှင့် သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိသကဲ့သို့ တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို နိုင်ငံ့ဝန်ထမ်းတိုင်း ထဲထဲဝင်ဝင် သိရှိနားလည်ပြီး တိတိကျကျလိုက်နာနိုင်ရေးအတွက် အသိပညာဖြန့်ဝေခြင်း သင်တန်းအဖြစ် ယခုသင်တန်းကို မိမိတို့ဝန်ကြီးဌာန၏ အစီအစဉ်နှင့် ဖွင့်လှစ် ခြင်း ဖြစ်၍ ကြိုးစားလေ့လာသွားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ဥပဒေအသိပညာဖြန့်ဝေခြင်း ဆင့်ပွားသင်တန်း အမှတ်စဉ်(၃)ကို ဆက်လက်ကျင်းပရာ အရာထမ်း ၃၆ ဦး တက်ရောက်လေ့လာလျက်ရှိကြသည်။ မတ်၂၄ ရက်နေ့မှ ဧပြီ ၇ ရက် နေ့ထိ ရက်သတ္တ ၂ ပတ်ကြာ ပို့ချသည့် အဆိုပါသင်တန်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သိကောင်းစရာများ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေနှင့် နည်းဥပဒေများ၊ Contract Business Laws စသည့် ဥပဒေများအပြင် နိုင်ငံ့ဝန်ထမ်း အရာထမ်းများ မဖြစ်မနေသိထားသင့်သော ဥပဒေ(မူကြမ်း) ရေးဆွဲခြင်း၊ ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)ရေးဆွဲခြင်းဆိုင်ရာ၊ တဆင့်ခံဥပဒေ (မူကြမ်း) ရေးဆွဲခြင်းဆိုင်ရာ သိကောင်း စရာများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ၊ စီးပွားရေး စာချုပ် စာတမ်း ချုပ်ဆိုခြင်းဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်းများချုပ်ဆိုရာတွင် သတိပြု လိုက်နာ ရမည့် အချက်များကို ပို့ချဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
MOALI