နေပြည်တော် စနစ်ကျလယ်ယာမြေ ဖော်ထုတ်ဧရိယာများတွင် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး စီမံဆောင်ရွက်

နေပြည်တော် စနစ်ကျလယ်ယာမြေ ဖော်ထုတ်ဧရိယာများတွင် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး စီမံဆောင်ရွက်

နေပြည်တော်၊ မတ် ၂၆

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မတ် ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့်အတူ ဇေယျာသီရိမြို့နယ် နေပန် လပန် စနစ်ကျလယ်ယာမြေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ နေပြည်တော် စနစ်ကျလယ်ယာမြေ ဖော်ထုတ်ဧရိယာများတွင် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ညှိနှိုင်းဆွေးနွေးသည်။

ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးမှာကြားရာတွင် စိုက်ပျိုးမြေ တစ်ဧကချင်း၏ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရက ဘဏ္ဍာငွေကြေးများ အသုံးပြု၍ ဒေသအလိုက် စနစ်ကျလယ်ယာမြေများဖော်ထုတ်ပေးလျက်ရှိကြောင်း၊ မူလ သမားရိုးကျ စိုက်ပျိုးထုတ်လုပ်မှုထက် သီးနှံအထွက်နှုန်းတိုးတက်ရေး၊ သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေးအတွက် စနစ်ကျလယ်ယာမြေ ဖော်ထုတ်ဧရိယာများတွင် မိမိတို့ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနအသီးသီး၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် စိုက်ပျိုးရေး ပညာရှင်ဝန်ထမ်းများက မျိုး၊မြေ၊ရေနှင့် နည်းပညာ လိုအပ်ချက်များကို အနီးကပ်ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ သီးနှံပုံစံအလိုက် ပန်းတိုင်အထွက် ရရှိစေရန် မြေဆီလွှာစမ်းသပ်စစ်ဆေးပေးခြင်း၊ သွင်းအားစု မြေဩဇာ ထောက်ခံချက်ပေးခြင်း၊ သီးနှံမျိုးကောင်း မျိုးသန့်သုံးစွဲနိုင်ရေးနှင့် ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးဆိုင်ရာများကို ဆိုင်ရာပညာရှင်များစုဖွဲ့၍ အနီး ကပ်ကြပ်မတ်ဆောင်ရွက်ပေးခြင်းဖြင့် တစ်နှစ်ပတ်လည်စိုက်ပျိုးမှုသိသိသာသာတိုးတက်လာစေရေး ကြိုးပမ်းကြရန်ဖြစ်ကြောင်း၊ ပညာရှင်အရင်း အမြစ် ပြည့်စုံသည့် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ စိုက်ပျိုးမြေများအားလုံး၏ သီးနှံများဖြစ်ထွန်းအောင်မြင်မှုနှင့် စိုက်ပျိုးထုတ်လုပ်နိုင်မှုကို တိုင်းဒေသကြီး ပြည်နယ်များမှ တောင်သူများအား စံနမူနာပေးနိုင်သည်အထိ ကြိုးပမ်းသွားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ကွင်းဆင်းကြီးကြပ်ပညာပေးဝန်ထမ်းများ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် ဆက်စပ်ဦးစီးဌာနများက ဟန်ချက်ညီ ပံ့ပိုးကူညီသွားကြရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီး ဌာန (ရုံးချုပ်)နှင့် နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ ကွင်းဆင်းကြီးကြပ်ပညာပေးအဖွဲ့ဝင်များနှင့်အတူ နေပန်လပန် စနစ်ကျလယ်ယာမြေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြပြီး တောင်သူများနှင့်တွေ့ဆုံ၍ လိုအပ်ချက်များမေးမြန်းဆွေးနွေးကြသည်။

ဇေယျာသီရိမြို့နယ်တွင် ဖော်ထုတ်ပြီးစီးပြီဖြစ်သည့် နေပန် လပန် စနစ်ကျလယ်ယာမြေ တွင် နွေစပါးများစိုက်ပျိုးထားရှိပြီးဖြစ်ရာ စိုက်ပျိုးရေးဦးစီးဌာနမှ မြေ၊မျိုး၊ပိုးတာဝန်ခံများနှင့် သက်ဆိုင်ရာ ကွင်းဆင်းကြီးကြပ်ရေး အဖွဲ့များဦးဆောင်သော ပညာပေးဝန်ထမ်းများက နွေစပါး ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ နည်းပညာပေးခြင်း၊ စိုက်ဧကအလိုက် စိုက်ပျိုးချိန်၊ ရိတ်သိမ်းချိန် ကို မျိုးကွဲအလိုက် သတ်မှတ်ခြင်း၊ စိုက်ပျိုးမည့် သီးနှံမျိုးကောင်းမျိုးသန့်များ ရရှိရေး ၊ မြေဆီလွှာဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ခြင်း၊ သဘာဝ မြေဩဇာပြုလုပ်သုံးစွဲရန် နှင့် ဓာတ်မြေဩဇာ အချိန်ကိုက်အချိုးကျသုံးစွဲနိုင်ရန် အကြံပြု ထောက်ခံချက်ပေးခြင်း၊ စိုက်ပျိုးရေစနစ်တကျအသုံးပြုနိုင်စေရန် ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခြင်း အပါအဝင် စိုက်ပျိုးနည်းပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

MOALI