မြေယာလုပ်ပိုင်ခွင့်နှင့် အသုံးပြုခွင့်များအတွက် ပြဋ္ဌာန်းသတ်မှတ်ထားသော ဥပဒေ၊ စည်းကမ်းချက်များကို တိကျစွာလိုက်နာဆောင်ရွက်ကြရန်လိုအပ်

နေပြည်တော် မတ် ၁၀
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မတ် ၉ ရက် နံနက်ပိုင်းတွင် ပြင်ဦးလွင်ကော်ဖီဥယျာဥ် ရှင်းလင်းဆောင်၌ ပြင်ဦးလွင်ကော်ဖီစီမံကိန်းဇုန် ကြီးကြပ်ရေး အဖွဲ့ခေါင်းဆောင်နှင့် တာဝန်ရှိသူများအား တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ပြင်ဦးလွင်ကော်ဖီစီမံကိန်းဇုန် ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင်နှင့် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ပါဝင်သော ကြီးကြပ်ရေးအဖွဲ့၏ ဆောင်ရွက်ထားရှိမှု၊ ကော်ဖီစိုက်ပျိုးလုပ်ကိုင်ခွင့်ရသူများ လိုက်နာရန် စည်းကမ်းချက်များနှင့် ကော်ဖီစိုက်ပျိုးလုပ်ကိုင်ခွင့် အသစ်ချထားပေးနိုင်ရန် ဆက်လက်ဆောင်ရွက်မည့် အစီအစဥ်များကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ကော်ဖီစိုက်ပျိုးရန် မြေအသုံးပြုခွင့် တောင်းခံထားသူများအား ခွင့်ပြုရန် လျာထားသည့် နယ်မြေဇုန်အလိုက် စုစည်းခေါ်ယူ တွေ့ဆုံသွားရန်၊ တွေ့ဆုံချိန်တွင် အမှန်တကယ်စိုက်ပျိုးရန် လိုအပ်သော ရင်းနှီးမြုပ်နှံမှုများ ပြည့်စုံမှုရှိမရှိ တွက်ချက်ရန်၊ တာဝန်ရှိသူများက ကွင်းဆင်းလိုက်လံပြသပြီး သတ်မှတ် စည်းကမ်းချက်များအတိုင်း မှန်မှန်ကန်ကန် စိုက်ပျိုးနိုင်ရန်နှင့် တပါတည်းစာချုပ် ချုပ်ဆို လုပ်ကိုင်ခွင့် ပြုသွားရန်၊ နိုင်ငံပိုင်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို ဥပဒေနှင့် လွှဲပြောင်းခွင့် လွှဲရောင်းခဲ့သူများကို ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု အရှိန်မတန့်သွားစေရေး စဥ်းစားပေးပြီး အထူးကိစ္စတစ်ရပ်အဖြစ် ရောင်းခွန် ဝယ်ခွန်များကို ဥပဒေနှင့်အညီ နိုင်ငံတော်သို့ အခွန်ငွေ ပေးသွင်းစေခဲ့ရာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် သတ်မှတ်ကာလ ပြည့်သွားပြီ ဖြစ်ကြောင်း၊ အခွန်ငွေပေးသွင်းရန် ကျန်သူများအနေဖြင့် မိမိတို့ ကြိုတင်ကြေငြာထားပြီးဖြစ်သည့်အတိုင်း တရားစွဲဆိုခြင်း၊ အမည်မည်းစားရင်းသွင်းခြင်းနှင့် လုပ်ပိုင်ခွင့်ရုပ်သိမ်းခြင်းတို့ကို ဧပြီလကုန် အပြီး ဆောင်ရွက်ရန်လိုကြောင်း၊ ခိုင်လုံသော အကြောင်းပြချက်ဖြင့် လာရောက်ဆက်သွယ်၍ အခွန်ငွေပေးသွင်းလျှင် သတ်မှတ်ဒဏ်ကြေးဖြင့် ခွင့်ပြုပေးနိုင်ရေးအတွက် ကော်မတီသို့ တင်ပြသွားရန်ဖြစ်ကြောင်း၊ ဥပဒေကို မသိနားမလည်ဟု ဆိုယုံမျှဖြင့် ဥပဒေက ခွင့်လွှတ်မည် မဟုတ်ကြောင်းကိုလည်း ကော်ဖီစိုက်ပျိုး ထုတ်လုပ်မည့် လုပ်ငန်းရှင်များကို ရှင်းပြပေးရန် လိုကြောင်း၊ ယခုတစ်ကြိမ် စာချုပ် ချုပ်ဆိုပြီးသူများ အနေဖြင့် စည်းကမ်းချက်များအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ပြီး မိမိတို့ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်အောင်မြင်အောင် ဆောင်ရွက်သွားရန်အတွက် လိုအပ်သော အကူအညီများပေးအပ်သွားရန်ဖြစ်ကြောင်း၊
ကော်ဖီစိုက်ခင်းများတွင် ကော်ဖီဆံအစိမ်း (Green Bean) အထိ ထုတ်လုပ်ရန်ဖြစ်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်များအတွက် သက်ဆိုင်ရာ စက်မှုဇုန်များတွင် စက်မှုဇုန်ဥပဒေနှင့်အညီ လုပ်ဆောင်ရမည်ဖြစ်ကြောင်းကို သေချာစွာရှင်းလင်းပြရန်နှင့် စိုက်ပျိုးခွင့်ရရှိသူများအား ၆ လတစ်ကြိမ် အမှန်တကယ်စိုက်ပျိုး တိုးတက်မှု ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးရမည်ဖြစ်ပြီး ကော်ဖီစိုက်ပျိုးမှုတိုးတက်အောင် လုပ်ဆောင်ခြင်းမပြုဘဲ ဟန်ပြဆောင်ရွက်လျှင် လုပ်ကိုင်ခွင့် ရုပ်သိမ်းရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြင်ဦးလွင်ခရိုင်ကို ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှု စံပြဒေသအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ပြင်ဦးလွင်ကော်ဖီ စီမံကိန်းဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်လိုအပ်ချက်များ၊ ကော်ဖီကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းပေးကြရန်တို့ကို ဆွေးနွေး ပြောကြားသည်။
ထို့နောက် ကြီးကြပ်ရေးအဖွဲ့ဝင်များက သိရှိလိုသောအချက်များကို မေးမြန်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က အသေးစိတ် ရှင်းလင်းညွှန်ကြား ခဲ့ကြောင်း သတင်းရရှိသည်။
MOALI