မိတ္ထီလာတွင် ဘောင်ကြီးတင်ကိရိယာဖြင့် ဘောင်တင်ခြင်း သရုပ်ပြပွဲကျင်းပ

မိတ္ထီလာ ဖေဖော်ဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာခရိုင် ၊ မိတ္ထီလာမြို့နယ် အတွင်း တောင်သူများ အနေဖြင့် ဘောင်ကြီးတင်ကိရိယာများကို တွင်ကျယ်စွာအသုံးပြုလာစေရေး လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်း ဆောင်ရွက်နိုင်ရေး လုပ်သားအင်အားရှားပါးမှုပြဿနာ ဖြေရှင်းပေးနိုင်ခြင်း၊ ရေကိုချွေတာနိုင်ပြီး မိုးရွာသွန်းပြီးချိန်တွင် ရေတင် ၊ ရေဝပ်ခြင်း မရှိခြင်း၊ ရေနှုတ်မြောင်းများအဖြစ် ရေထုတ်နိုင်ခြင်း စသည့်ကောင်းကျိုးများစွာ ရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှု လယ်ယာဦးစီးဌာန၊ အမှတ် ( ၂၅ ) စက်မှုလယ်ယာစခန်း ၊ မိတ္ထီလာမြို့မှ ကြီးမှူးကျင်းပသည့် ဘောင်ကြီးတင်ကိရိယာဖြင့် ဘောင်တင်ခြင်းသရုပ်ပြပွဲကို ဖေဖော်ဝါရီ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် မိတ္ထီလာမြို့နယ် ၊ အောင်ချမ်းကုန်းကျေးရွာ ကွင်းအမှတ် ၇၃၇ ၊ ဦးပိုင်အမှတ် ၁၄ ရှိ ဒေသခံတောင်သူ ဦးအေးလှိုင်၏ လယ်မြေ ၂ ဧက အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သရုပ်ပြပွဲတွင် ဘောင်ကြီးတင်ကိရိယာဖြင့် ဘောင်တင်အသုံးပြု၍ နှမ်း၊ ကုလားပဲ၊ ကြက် သွန် စိုက်ပျိုးရာတွင် ရေကို ချွေတာနိုင်ခြင်း၊ စိုစွတ်မှုကို ထိန်းသိမ်းပေးခြင်း ၊ ရေစိမ့်ဝင်မှုကို ပိုမိုအားကောင်းမွန်စေခြင်း၊ မိုးများနေချိန်တွင် ထိရောက်သော ရေနုတ်မြောင်းများ အဖြစ် ပံ့ပိုးပေးနိုင်ခြင်း ရေနာခြင်းမှ ရှောင်ရှားနိုင်ကာ သီးနှံများကောင်း မွန်ပြီး သီးနှံအထွက်နှုန်း တိုးခြင်း စသည့်အကျိုးကျေးဇူးများကို စက်မှု လယ်ယာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးဌာနမှူး ဦးဆန်းအောင်က အသေးစိတ်ရှင်းလင်းပြောကြားသည်။
ဘောင်ကြီးတင်ကိရိယာဖြင့် ဘောင်တင်ခြင်းသရုပ်ပြပွဲသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ စက်မှု လယ်ယာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်၊ တိုင်း/ခရိုင်/မြို့နယ် စိုက်ပျိုး ရေးညှိနှိုင်းအဖွဲ့များနှင့် ဒေသခံတောင်သူ ၃၅ ဦးခန့် စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။
AMD