စိုက်ပျိုးရေးနှင့် မွေးမြူရေး ဖွံ့ဖြိုးရေးကော်မရှင်၏ ဒုတိယအကြိမ် အစည်းအဝေးကျင်းပ

စိုက်ပျိုးရေးနှင့် မွေးမြူရေး ဖွံ့ဖြိုးရေးကော်မရှင်၏ ဒုတိယအကြိမ် အစည်းအဝေးကျင်းပ

စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်၏ ဒုတိယအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီ ၂၀ ရက် မွန်းလွဲပိုင်းက ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ညိုစောနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) မှ တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။

အစည်းအဝေးတွင် ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးညိုစော က နိုင်ငံတော်အကြီးအကဲက မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသော စက်မှုလုပ်ငန်း (Agro-based Industry) ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည်ဆိုပါက နိုင်ငံ့စီးပွားနှင့် ပြည်သူတို့၏ အကျိုးစီးပွားများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် နည်းပညာ အထက်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေးကို ဆောင်ရွက်ခဲ့ကြောင်း၊ ခေတ်မီစိုက်ပျိုး မွေးမြူရေးစနစ်သို့ သွားနိုင်ရန် ပထမဦးစွာ သမားရိုးကျစိုက်ပျိုး မွေးမြူရေးစနစ်များအစား စနစ်ကျနသည့် စိုက်ပျိုးရေး၊ မွေးမြူရေးသို့သွားရန်လိုကြောင်း၊ ယင်းအတွက် လူသားအရင်း အမြစ်များ လိုအပ်ကြောင်းကို လမ်းညွှန်မိန့်ကြားခဲ့ပြီး ဖြစ်ပါကြောင်း၊

သို့ဖြစ်၍ တိုင်းဒေသကြီး ပြည်နယ်အလိုက် စိုက်ပျိုးမွေးမြူရေးကို ကျွမ်းကျင်မှုရှိသည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် တိုင်းဒေသကြီး ပြည်နယ်ဒေသ အလိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း။

မိမိတို့နိုင်ငံတွင် နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် အခြေခံကောင်းများရှိပြီး နိုင်ငံ့စီးပွား မြှင့်တင်နိုင်ရေးအတွက် စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများကို တိုးတက်အောင်မြင်အောင် မိမိတို့ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး တိုင်းဒေသကြီးပြည်နယ်များ၌ မွေးမြူရေးဇုန်များအလိုက် လုပ်ငန်းများဆောင် ရွက်ရာတွင် ဇုန်များအလိုက် ထိုက်သင့်သည့်နှုန်းထားများအတိုင်း မွေးမြူဆောင်ရွက်နိုင်ရေးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း။

ဒေသအလိုက် လိုအပ်သောရေရရှိရေးအတွက် မိုးကောင်းသောက် ရေ၊ ဆည်ရေ၊ မြေအောက်ရေ၊ မြစ်ရေဟူ၍ နည်းလမ်းများရှိသဖြင့် စီမံဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မြစ်ကြီးများအနီးတွင်ရှိသည့် ဒေသများအနေဖြင့် မိမိတို့လုပ်ငန်းအလိုက် မြစ်ရေတင် စီမံကိန်းများဆောင်ရွက်၍ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရန်ဖြစ်ပြီး လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို နေရောင်ခြည်စွမ်းအင်ဖြင့် ထုတ်ယူဆောင်ရွက်နိုင်ကြောင်း၊ နိုင်ငံတော် မှ ဆောင်ရွက်သည့် ဆိုလာစီမံကိန်းများရှိသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်းလိုအပ်ချက်အလိုက် ဆိုလာစီမံကိန်းများ ဆောင်ရွက်နိုင်ကြောင်း၊

ယင်းလုပ်ငန်းအတွက် ရင်းနှီးငွေလိုအပ်ပါက လိုအပ်သောစီမံကိန်းချေးငွေများကို ခွင့်ပြုမည်ဖြစ်ကြောင်း နိုင်ငံတော်က လမ်းညွှန်မှုပြုပြီးဖြစ်ကြောင်း၊ ယခုကဲ့သို့ နိုင်ငံတော်၏ လမ်းညွှန်မှုများနှင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုများကို မိမိတို့ကော်မရှင် နှင့် တိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့များက လုပ်ငန်းများအောင်မြင်စေရေး လက်တွေ့ ကြပ်မတ် ကွပ်ကဲအကောင်အထည်ဖော်ကြရမည်ဖြစ်ကြောင်း၊

တစ်ဖက်တွင်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၌ ပြည်တွင်းပြည်ပ လာရောက်ရင်းနှီးမြှုပ်နှံမှုများရှိပါကလည်း လုပ်ငန်းများလွယ်ကူချောမွေ့စေရန် ခွင့်ပြုမိန့် ရရှိရေးဆောင်ရွက်ရာ၌ ကြန့်ကြာမှုမရှိစေရေး ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ အထူးသဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သောနည်းပညာ၊ လျှပ်စစ်ဓာတ်အား၊ အရင်းအနှီးတို့ကို ဖန်တီးပေးရန် အရေးကြီးပါကြောင်း၊

စိုက်ပျိုးရေးနှင့်မွေးမြူရေး ဖွံ့ဖြိုးရေးကော်မရှင်၏ လုပ်ငန်းတာဝန် ၂၁ ချက်ကိုလည်း ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးပြည်နယ်အစိုးရများမှ ချိတ်ဆက်မှုအားကောင်းကောင်းဖြင့် မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက်ပေးကြရန်နှင့် အဆိုပါလုပ်ငန်းတာဝန်များ ဆောင်ရွက် နိုင်ရန်အတွက် လိုအပ်ချက်များကိုလည်းဝန်ကြီးဌာနတစ်ခုချင်းသာမက ဆက်စပ်ဝန်ကြီး ဌာနများနှင့် တိုင်းဒေသကြီးပြည်နယ်အစိုးရများက ဝိုင်းဝန်းအကြံပြုသွားကြရန် တိုက်တွန်း ပါကြောင်း ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်၏ ပထမအကြိမ် အစည်းအဝေး လမ်းညွှန်ချက်များနှင့် ဆုံးဖြတ်ချက်များကို ကော်မရှင်အတွင်းရေး မှူးက ရှင်းလင်းတင်ပြပြီး ကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း (UMFCCI)နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ က သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ဆွေးနွေးတင်ပြမှုများအပေါ် ဖြည့်စွက်ဆွေးနွေးပြီး ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

အစည်းအဝေးမကျင်းပမီ စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ညိုစော သည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ၏ ၁ နှစ် သုံးသီး သီးထပ် သီးနှံပုံစံ စမ်းသပ် စံပြစိုက်ကွင်း နှင့် သုတေသနစိုက်ကွင်းများကို ကွင်းဆင်းကြည့်ရှု စစ်ဆေး သည်။

ထို့နောက် ရှင်းလင်းဆောင်တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် မွေးမြူရေး သုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များက ဆောင်ရွက်ဆဲ သုတေသနလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကိုရှင်းလင်းတင်ပြရာ ကော်မရှင်ဥက္ကဋ္ဌက သုတေသန ရလဒ်များအား စိုက်ပျိုးထုတ်လုပ်သူများလက်ဝယ်သို့ ထိထိရောက်ရောက် ပို့ဆောင်အကောင်အထည်ဖော်ပေးနိုင်ရေး အတွက် စိုက်ပျိုးရေးသွင်းအားစု လုပ်ငန်းရှင်များ အပါအဝင် ပုဂ္ဂလိကပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက် မှုအားကို ရယူပြီး သက်ဆိုင်ရာ နယ်မြေအလိုက် စိုက်ပျိုး ရေး ၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန မှ ပညာရှင် ဝန်ထမ်းများ ပူးပေါင်း၍ နည်းပညာ ပြန့်ပွားရေးလုပ်ငန်းများ နှင့် သီးထပ်သီးညှပ်စွမ်းအား တိုးမြှင့် ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက် သွားကြရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန မျိုးစေ့နမူနာ ပြခန်းများ၊ မျိုးစေ့ဘဏ်နှင့် စိုက်ပျိုးနည်းပညာပြန့်ပွားစေရေးနှင့်တောင်သူပညာပေး ထုတ်လွှင့်သည့် တောင်သူလယ်သမားကဏ္ဍရုပ်သံစတူဒီယိုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။

MOALI