စိုက်ပျိုးရေးဒီပလိုမာ နှင့် မွေးမြူရေးဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲများကျင်းပ

စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ပျဉ်းမနား)အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း ၁၅ ကျောင်း မှ နှစ်စဉ် နိုင်ငံတော်အတွက် လိုအပ်သော အလယ်အလတ်အဆင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးပညာရှင်များကို မွေးထုတ်ပေးလျက်ရှိရာ စိုက်ပျိုးရေးဒီပလိုမာနှင့် မွေးမြူရေးဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားများကို ဇန်နဝါရီလ နောက်ဆုံးပတ်တွင် သက်ဆိုင်ရာ ကျောင်းများ၌ ကျင်းပခဲ့ကြကြောင်းသိရသည်။
စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ ပျဉ်းမနား၏ နဝမအကြိမ် စိုက်ပျိုးရေးဒီပလိုမာနှင့် ပထမအကြိမ် မွေးမြူရေးဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ နေပြည်တော် ကောင်စီဥက္ကဌ ဦးသန်းထွန်းဦး ၊ ဒုတိယဝန်ကြီးများနှင့် ဌာနတာဝန်ရှိသူများ တက်ရောက် အားပေးခဲ့ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့၏ ပညာသင် ကာလတစ်လျှောက်၌ စာတွေ့ လက်တွေ့ လေ့လာသင်ယူခဲ့ကြသည့် စိုက်ပျိုးမွေးမြူရေး ပညာရပ်များကို လက်တွေ့ လုပ်ငန်းခွင်တွင် အကျိုးရှိစွာအသုံးချသွားကြရန်ဖြစ်ကြောင်း၊ မိမိတို့နောင်ရေးအတွက် အာမခံချက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင် ကြမည့် သူများအနေဖြင့် နည်းပညာအသစ်များ အတွေ့အကြုံသစ်များ ကို စဉ်ဆက်မပြတ် လေ့လာနိုင်ကြမည်ဖြစ်၍ မိမိအကျိုး အများအကျိုး ကျယ်ကျယ်ပြန့်ပြန့် သည်ပိုးရွက်ဆောင် နိုင်ကြမည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းများ နှင့် မိမိကိုယ်ပိုင်လုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်သွားရန် ရည်ရွယ်ချက်ရှိပါကလည်း သက်ဆိုင်ရာလုပ်ငန်းခွင်အလိုက် တိုးတက် အောင်မြင်အောင် ကြိုးပမ်းပြီး နိုင်ငံ၏ စားရေရိက္ခာဖူလုံရေးနှင့်လယ်ယာကုန်ထုတ်လုပ်ငန်း များပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် စွမ်းဆောင်ကြိုးပမ်းသွားကြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။

အလားတူ ဒေသအသီးသီးရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ ကျောင်းများ၌ ကျင်းပသည့် ဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်း အနားများသို့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးများ တက်ရောက်၍ ပထမနှစ်မှ တတိယနှစ်အထိ တန်းစဉ်ပေါင်း ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ဂုဏ်ပြုဆုများ ဆုချီးမြှင့်ခဲ့ကြသည်။

စိုက်ပျိုးမွေးမြူရေးပညာရပ်များကို အသက်မွေးဝမ်းကျောင်းပညာအဖြစ် လက်တွေ့အသုံးချနိုင်ကြသည့် အလယ်အလတ်အဆင့်ပညာရှင်များတိုးပွားလာရေး နှင့် သတ်မှတ်ချက် ပြည့်မီပါက စိုက်ပျိုးရေးတက္ကသိုလ် နှင့် မွေးမြူရေးတက္ကသိုလ်များသို့ ပေါင်းကူးတက်ရောက် နိုင်ရေးအတွက် နိုင်ငံတစ်ဝန်း၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း ၁၅ ကျောင်း ဖွင့်လှစ် ထားရှိရာ ယနေ့အထိ စိုက်ပျိုးရေးဒီပလိုမာ လက်မှတ်ရ ၂၆၄၁၄ ဦး နှင့် မွေးမြူရေး ဒီပလိုမာ လက်မှတ်ရ ၄၆၅ ဦး စုစုပေါင်း ၂၆၈၇၉ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
MOALI