စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ (၂၁)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ (၂၁)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ

နေပြည်တော် ၊ ဇန်နဝါရီ ၂၇

စိုက်ပျိုးရေးသုတေသနဦးစီးဌာနတည်ထောင်ခြင်း (၂၁)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ဇန်နဝါရီ ၂၇ ရက်နေ့၊ နံနက်ပိုင်းက နေပြည်တော်၊ ရေဆင်းရှိ အဆိုပါဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ အငြိမ်းစား သုတေသနပညာရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သုတေသီများနှင့် ဝန်ထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်များရှိ ဒေသသုတေသနခြံများမှ သုတေသီများနှင့် ပညာရှင်များက အွန်လိုင်းမှ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ စိုက်ပျိုးရေး သုတေသနဦးစီးဌာနသည် မြန်မာနိုင်ငံ၏ ရေ၊ မြေ၊ ဒေသ၊ ရာသီဥတု အနေအထားအလိုက် သင့်တော်ကောင်းမွန်သည့် သီးနှံမျိုးများ မွေးမြူထုတ်လုပ်ခြင်းတွင် စုစုပေါင်း သီးနှံမျိုးပေါင်း သုံးရာကျော် မွေးမြူထုတ်လုပ်နိုင်ခဲ့ပြီး၊ သီးနှံစိုက်ပျိုးနည်းစနစ်နှင့် မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး သုံးစွဲခြင်းဆိုင်ရာသုတေသန လုပ်ငန်းများကို ဆယ်စုနှစ်ပေါင်းများစွာ စဉ်ဆက်မပြတ် ဆောင်ရွက်လာခဲ့သည့်အပြင် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ ဖော်ထုတ်ပေးခြင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များနှင့် တောင်သူလယ်သမားများအား ချိတ်ဆက်ပေးနိုင်ရန် ပညာပေးခြင်း၊ ပေါင်းစည်းခြင်းနှင့်အတူ နိုင်ငံတော်၏ စားရေရိက္ခာ ဖူလုံရေးနှင့် အာဟာရပြည့်ဝရေးဆိုင်ရာ သုတေသနများကို ဆောင်ရွက်အကျိုးပြုလာသည်ကို တွေ့ရမှာ ဖြစ်ကြောင်း၊

ယခုအခါ ရာသီဥတုပြောင်းလဲလာမှုနှင့် လိုက်လျောညီထွေဖြစ်စေမည့် မျိုးနှင့် နည်းပညာများဖော်ထုတ်ခြင်း၊ ဈေးကွက်နှင့် စားသုံးသူများ၏ လိုအပ်ချက်ကို ဦးစားပေးသည့် သုတေသနလုပ်ငန်းများ ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၄ - ၂၀၂၅ ခုနှစ် အတွင်း မျိုးသစ်နှင့် နည်းပညာများကို ဖော်ထုတ် နိုင်ခဲ့ရာ စပါးမျိုးသစ်ဖြစ်သည့် “အောင်နိုင်တိုး” စပါးမျိုးသစ်ကို အတည်ပြု ဈေးကွက်ဝင် ထုတ်လုပ်နိုင်ခဲ့ခြင်းအတွက် နိုင်ငံတော်က အသိအမှတ်ပြု ချီးမြှင့်ခြင်းခံရသကဲ့သို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ပညာရှင် ၇ ဦးအား နိုင်ငံတော်က လယ်ယာစီးပွား ထူးချွန်ဆုများ ချီးမြှင့်ခဲ့ခြင်းအတွက် ဂုဏ်ပြုအပ်ပါကြောင်း၊ 

မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံတော်အစိုးရက မူဝါဒများပြင်ဆင်ချမှတ်ခြင်း၊ ပြုပြင် ပြောင်းလဲခြင်းတို့ကို ခေတ်နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိရာ စိုက်ပျိုးရေးသုတေသနလုပ်ငန်းများသည် အခြေခံအရေးပါသည့် လုပ်ငန်းများ ဖြစ်သည့်အတွက် မိမိတို့၏ သုတေသနလုပ်ငန်းများကို နိုင်ငံတော်မှ ချမှတ်ထားသည့် မျှော်မှန်းချက်များနှင့်အညီဖြစ်အောင် ဆောင်ရွက်စေလို ကြောင်း၊ ထို့အတူ ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက် ခြင်း တို့ကိုလည်း ဆက်လက် တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပြီး သုတေသနလုပ်ငန်းများအား ဆန်းသစ်တီထွင်မှု (Innovation) ရှိကြရန် နှင့် တောင်သူလယ်သမားများကိုယ်တိုင် ပူးပေါင်းပါဝင်သည့် (Farmers Participatory Research) သုတေသနလုပ်ငန်းများကိုလည်း တိုးမြှင့် ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ နိုင်ကြည်ဝင်းက နှုတ်ခွန်းဆက်စကားပြောကြားပြီး စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် လှုပ်ရှားမှု ဗီဒီယိုမှတ်တမ်းအား ပြသသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများက အောင်နိုင်တိုးစပါးမျိုးသစ်ထုတ်လုပ်နိုင်မှုအတွက် နိုင်ငံတော် ချီးမြှင့်ငွေမှ ဝန်ထမ်းများအား လက်ဆောင်ပစ္စည်းပေးအပ်ကြပြီး သုတေသနစွမ်းဆောင်ရည်ဆုရရှိသူများကို ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ကြခဲ့ကြသည်။

စိုက်ပျိုးရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးစေရေး၌ အဓိကသော့ချက်ဖြစ်သည့် စိုက်ပျိုး‌ရေး သုတေသနလုပ်ငန်း ကို လွတ်လပ်ရေးမတိုင်မီ ၁၉၀၈ ခုနှစ် ခန့်မှစ၍ စိုက်ပျိုးနည်းစနစ် သုတေသနလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည်ကို မှတ်တမ်းများ အရသိရှိရပြီး ၁၉၅၄ ခုနှစ်၊ ဇွန်၂၂ ရက်နေ့၌ အင်းစိန်မြို့နယ် ကြို့ကုန်းတွင် စိုက်ပျိုးရေးသုတေသန ဗိမာန် (Agricultural Research Institute - ARI) အမည်ဖြင့် တရားဝင် အဖွဲ့အစည်း တစ်ခုအဖြစ် စတင်တည်ထောင်ခဲ့ရာ မိမိတို့နိုင်ငံ၏ စိုက်ပျိုးရေး သုတေသနလုပ်ငန်း ဆောင်ရွက်ခဲ့မှုမှာ နှစ်ပေါင်း ၇၁ နှစ် တိုင်ခဲ့ပြီဖြစ်သည်။

နောက်ပိုင်းတွင် နိုင်ငံတော်အကြီးအကဲများက စပါးအပြင် ယာသီးနှံများ ကိုပါ သုတေသနပြုလုပ်သင့်ကြောင်း လမ်းညွှန်ချက်အရ ၁၉၇၁ ခုနှစ်တွင် အထက်မြန်မာနိုင်ငံတွင် သီးနှံစုံနှင့်သင့်လျော်မည့် ပျဉ်းမနားမြို့နယ်၊ ရေဆင်းနယ်မြေအားရွေးချယ် ပြောင်းရွှေ့ခဲ့ကာ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးတိုးတက် လာစေရန် ရည်ရွယ်၍ ၁၉၉၀ ပြည့်နှစ်တွင် ဗဟိုစိုက်ပျိုးရေးသုတေသနဌာန (CARI) အဖြစ်လည်းကောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR) အဖြစ် ၂၀၀၄ ခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့တွင်လည်းကောင်း အဆင့်ဆင့်မြှင့်တင်ဖွဲ့စည်းခဲ့ရာ ယနေ့တွင် စိုက်ပျိုးရေး သုတေသနဦးစီးဌာန အဖြစ် ရပ်တည်လာခဲ့သည့် နှစ်ပေါင်း ၂၁ နှစ် တိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

MOALI