မကွေးတိုင်းဒေသကြီးအတွင်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်း

နေပြည်တော်၊ ဇန်နဝါရီ ၁၁
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း၏ နဝမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၀ ရက်နေ့၊ နံနက်ပိုင်းက အဆိုပါကျောင်း စုဝေးဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က အမှာစကားပြောကြားရာတွင် သုံးနှစ်တာကာလအတွင်း စာတွေ့ သင်ယူခဲ့ကြသည့် နည်းပညာများနှင့် လက်တွေ့ကွင်းဆင်းလေ့လာခဲ့ခြင်းမှရရှိသည့် အသိပညာ၊ အတတ်ပညာများကို စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍများတွင်အလယ်အလတ်ပညာရှင်များအဖြစ် ဆတက်ထမ်းပိုး တိုးတက်အောင် စွမ်းဆောင်ကြိုးပမ်းသွားကြရန် တိုက်တွန်းပါကြောင်း၊ ဆက်လက်ပြီး စိုက်ပျိုးရေးတက္ကသိုလ်ပညာနှင့် ဘွဲ့လွန် အဆင့်မြင့်ပညာရပ်များကို ကြိုးစားသွားကြစေလိုကြောင်း၊ နိုင်ငံအတွက် ရေရှည်တည်တံ့ခိုင်မြဲသော လယ်ယာစိုက်ပျိုးရေးစနစ်၊ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းပညာရပ်တို့ဖြင့် ဘက်စုံရှုမြင် သုံးသပ်ပြီး အောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က တန်းစဥ်အလိုက် စုစုပေါင်း ရမှတ်အများဆုံးဆုရကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်၍ ကျောင်းဆင်း မောင်မယ်များနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ထို့နောက်ကျောင်းဝင်းအတွင်း ကျောင်းသား ကျောင်းသူများ လက်တွေ့ကွင်းဆင်းလေ့ကျင့်ဆောင်ရွက်ထားသည့် သီးနှံစိုက်ခင်းများ၊ မွေးမြူရေးခြံများနှင့်ငါးကန်များကို ကြည့်ရှု အားပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့သည် ပွင့်ဖြူမြို့နယ်၊ လယ်လှကုန်းကျေးရွာ၌ စက်မှုလယ်ယာဦးစီးဌာန အမှတ်(၄၆) စက်မှုလယ် ယာစခန်းတွင် ကျင်းပပြုလုပ်သည့် ကောက်ရိုးထုံးစက် (Round Baler) နှင့် ကောက်ရိုးဖြတ်စက် Mower (Rotary Mulcher) သရုပ်ပြပွဲကို တက်ရောက်အားပေးသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မင်းဘူးမြို့နယ် မန်းကျိုးကျေးရွာအုပ်စုရှိ ဆောင်းနေကြာ ဧက ၁၀၀ စံပြစိုက်ခင်းကို ကြည့်ရှုအားပေးပြီး ဒေသခံ တောင်သူများနှင့်တွေ့ဆုံ၍ ဒေသရေမြေနှင့်သင့်တော်ကိုက်ညီသည့် နေကြာသီးနှံ တိုးချဲ့ စိုက်ပျိုး နိုင်ရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် သီးနှံများစိုက်ပျိုးရာ တွင် လိုအပ်သည့် ဖြည့်စွက်ရေ အသုံးပြုနိုင်ရေး၊ မျိုးကောင်းမျိုးသန့် အပါအဝင် သွင်းအားစုများ သုံးစွဲနိုင်ရေး ၊ စိုက်ပျိုးနည်း စနစ်များ မှန်ကန်ရေး၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တောင်သူအစုအဖွဲ့များ ဖွဲ့စည်း၍ဆောင်ရွက်ခြင်းဖြင့် အကျိုးအမြတ်ပိုမိုရရှိနိုင်မှုတို့ကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မကွေးတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးနှင့်ခရိုင်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံ၍ လက်ရှိကာလအတွင်း ရေလှောင်တမံများသည် ရေပမာဏ လုံလောက်စွာ သိုလှောင်ထားနိုင်သဖြင့် နွေစပါးနှင့် အခြားသီးနှံများ ပိုမို တိုးချဲ့ စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင် အထွက်နှုန်း ရရှိနိုင်ရေး၊ နှမ်းသီးနှံ စိုက်ပျိုးရာတွင် ဘောင်ကြီးတင် စနစ်ဖြင့် စိုက်ပျိုးနိုင်ရန်အတွက် ပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ ရေသွင်း ရေထုတ် နည်းစနစ်များ အသိပညာ ပေးနိုင်ရေး၊ တောင်သူများ အတွက် တွက်ချေကိုက်မည့် ရေရရှိနိုင်ရေး နည်းစနစ်များ ရှာဖွေ ဖော်ထုတ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စာရင်းဇယားမှန်ကန်ရေး၊ လယ်ယာသုံးစက်ကိရိယာများ သုံးစွဲမှု ကွင်းဆက် တစ်လျှောက် လိုအပ်သည့် အခက်ခဲများနှင့် ဒေသအတွင်း မွေးမြူရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
MOALI