ဇေယျာသီရိမြို့နယ် စက်မှုလယ်ယာစနစ်ကျ လယ်မြေ ၂၆၀ ဒသမ ၇၀ ဧက ဖော်ထုတ်

ဇေယျာသီရိမြို့နယ် စက်မှုလယ်ယာစနစ်ကျ လယ်မြေ ၂၆၀ ဒသမ ၇၀ ဧက ဖော်ထုတ်

နေပြည်တော်၊ ဒီဇင်ဘာ၂၄

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဒီဇင်ဘာ၂၄ ရက် နေ့ ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ် အောင်ဇေယျ၊ မအူတော၊ သက်နှင်းအင်းကျေးရွာအုပ်စုတွင် ဆောင်ရွက်လျက်ရှိသည့် စက်မှုလယ်ယာ စနစ်ကျလယ်မြေ ၂၆၀ ဒသမ ၇၀ ဧက ဖော်ထုတ်ခြင်း စီမံကိန်းကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က လယ်ယာကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရေးတွင် အထောက်အကူဖြစ်စေရန် စနစ်ကျလယ်မြေများ ဖော်ထုတ်ပေးခြင်းကို နိုင်ငံတော်ကဘဏ္ဍာငွေများကျခံသုံးစွဲ၍ စံပြ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ရေပေးတူးမြောင်းများ ရေနုတ်မြောင်းများ၏ စိုက်ပျိုးရေ စီမံခန့်ခွဲမှုများ စနစ်တကျအသုံးပြုနိုင်စေရန် နှင့် မူလလယ်မြေများထက် တောင်သူများ၏ လယ်ယာလုပ်ငန်းများ ပြောင်းလဲတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးမြေများကို လယ်ယာမြေဥပဒေနှင့်အညီ အသုံးပြုရေးအတွက် တာဝန်ရှိသူ အဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားပြီး စက်ယန္တယားများဖြင့် စက်မှုလယ်ယာ စနစ်ကျ လယ်မြေဖော်ထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ် ဆေးသည်။

ဇေယျာသီရိမြို့နယ် ပင်လောင်းလမ်းဆုံ၊ အရှေ့မြောက်ဘက်ခြမ်း အောင်ဇေယျ၊ မအူတော၊ သက်နှင်းအင်းကျေးရွာအုပ်စုများမှ ‌တောင်သူဦး ၉၀ ဦးပိုင်ဆိုင်သည့် လယ်မြေ ၂၆၀ ဒသမ ၇၀ ဧကကို နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေကျပ် (၅၈၁ ဒသမ ၀၈၂) သန်းဖြင့် စုစုပေါင်းရေပေး မြောင်းအလျား ၃၄၆၆၀ ပေ၊ ရေနုတ် မြောင်းအလျား၂၇၁၇၀ ပေ၊ ရေဆင်း ပြွန်အဆောက်အအုံ ၁၁၉ ခု၊ စုစု ပေါင်းကုန်ထုတ်လမ်းအလျား ၂၃၃၂၀ ပေ ပါဝင်သော စက်မှုလယ်ယာစနစ်ကျလယ်မြေအဖြစ် ဖော်ထုတ်ပေးလျက်ရှိကြောင်း သတင်းရရှိ သည်။ 

MOALI