တီမွေးမြူခြင်းနှင့် တီကျစ်စာမြေဆွေး ထုတ်လုပ်ခြင်းနည်းစနစ်များ တောင်သူပညာပေးသရုပ်ပြပွဲကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၈
စပါးရိုးပြတ်များ သီးနှံအကြွင်းအကျန်များကို အသုံးပြု၍ တီမွေးမြူခြင်းနှင့် တီကျစ်စာ မြေဆွေး ထုတ်လုပ်ခြင်းနည်းစနစ်များ တောင်သူပညာပေး သရုပ်ပြပွဲကို ဒီဇင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်း ကျေးရွာ တောင်သူ ဦးမြင့်စိုးနှင့် ဦးကျော်မြင့်ဦးတို့၏ အိမ်ခြံဝန်း၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ စိုက်ပျိုးရေးသုတေ သနဦးစီးဌာန ရိတ်သိမ်းချိန်လွန်နည်းပညာနှင့် အစားအစာသိပ္ပံသုတေသန ဌာနခွဲ ၊ စပါးဇီဝဥယျာဉ် သုတေ သနဌာနစုမှ သုတေသီများ ပညာရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံ တောင်သူများ တက်ရောက်ကြသည်။
အဆိုပါ တောင်သူပညာပေး သရုပ်ပြပွဲတွင်တောင်သူများနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဆွေးနွေးမှာကြားရာ၌ တီကျစ်စာမြေဆွေးတွင် ရိုးရိုးမြေဆွေးထက် အာဟာရဓာတ်နှင့် အဏုဇီဝများ ပါဝင်မှု ပိုမိုနိုင်ပြီး အပင်အတွက် လိုအပ်သော အာဟာရဓာတ်များကြွယ်၀ကာ အပင်စားသုံးရန် အသင့်ဖြစ်အောင် ဖန်တီးနိုင်သော အဏုဇီဝများ ပါဝင်သဖြင့်အပင်ကြီးထွားစေခြင်းနှင့် သီးနှံအရည်အသွေး ကောင်းမွန်စေမှု အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ပါကြောင်း၊ သဘာဝ မြေသြဇာ သုံးစွဲမှု တိုးတက်လာစေခြင်းဖြင့် GAP စိုက်ပျိုးနည်းစနစ်ကို အထောက်အကူ ပြုစေရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၊
သီးနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် ဓာတ်မြေဩဇာများကို မျှတအောင် ထည့်သွင်း မကျွေးမွေးနိုင်ခြင်း၊ ပိုးသတ်ဆေးများ မဆင်မခြင်ပက်ဖျန်းခြင်းများကြောင့် မြေဆီလွှာအတွင်း သက်ရှိနှင့်အတူ အဏုဇီဝများ အပင်အာဟာရများအတွက် အလုပ်မလုပ်နိုင်တော့သဖြင့် မြေဆီလွှာကျန်းမာရေး ထိခိုက်ပျက်စီးပြီး မြေဆီလွှာဂေဟစနစ်ထိခိုက်မှုနှင့်အတူ သီးနှံအထွက် နှုန်းများကျဆင်းလာခြင်း၊ သဘာဝရာသီဥတု ပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်မဲ့လာခြင်းများ ကြုံတွေ့နေရကြောင်း လေ့လာတွေ့ရှိရသဖြင့် ယခုကဲ့သို့ တီကောင်မွေး မြူရေးမှ အစပြု၍ မြေဆီလွှာဂေဟစနစ်ပြန်လည်ဖွံ့ဖြိုးလာရေးကို သက်ဆိုင်ရာဌာနများက ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊
ယနေ့ခေတ်တွင် သဘာဝ မြေဩဇာ အခြေခံသော စိုက်ပျိုးထုတ်လုပ်ခြင်းသည် အရေးပါလာပြီး ယင်းသို့ထုတ်လုပ်ခြင်းမှ ထွက်ကုန်ပစ္စည်းများ၏ ဝယ်လိုအားများလည်း မြင့်တက်လာလျက်ရှိရာ တောင်သူများတွင် ပေါများစွာရှိနေသည့် စိုက်ပျိုးရေး ဘေးထွက် ပစ္စည်းများဖြစ်သော ကောက်ရိုးနှင့် စပါးခွံ တို့ကို အကျိုးရှိစွာ အသုံးပြုပြီး တီမွေးမြူခြင်းနှင့်တီကျစ်စာမြေဆွေးထုတ်လုပ်သုံးစွဲနိုင်ကြရန် သုတေသီများ ပညာရှင်များက နည်းပညာပေး သရုပ်ပြသွားမည်ဖြစ်၍ စိတ်ပါဝင်စားစွာလေ့လာကြပြီး သိရှိလိုသည်များကို ပွင့်ပွင့် လင်းလင်း မေးမြန်းဆွေးနွေးကြရန်ဖိတ်ခေါ်ပါကြောင်းပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရိတ်သိမ်းချိန်လွန်နည်းပညာနှင့် အစားအစာသိပ္ပံသုတေသနဌာနခွဲ၊ စပါးဇီဝဥယျာဉ်သုတေသနဌာနစုမှ သုတေသီများ ပညာရှင်များက တီမျိုးများနှင့်ကုန်ကြမ်းများ၊ တီကျစ်စာမြေဆွေးစီးပွားဖြစ် ထုတ်လုပ်နိုင်သော တီမျိုးများ တီကောင်မွေးမြူခြင်းနှင့် တီကျစ်စာမြေဆွေးပြုလုပ်ပုံအဆင့်ဆင့်ကို လက်တွေ့သရုပ်ပြရှင်းလင်းဆွေးနွေးခဲ့ကြပြီး တောင်သူများ၏ မေးမြန်းတင်ပြချက်များကိုဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်းခဲ့ကြကြောင်း သတင်းရရှိသည်။
MOALI