ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် ၏ ရာပြည့်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနား ကျင်းပ

ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် ၏ ရာပြည့်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနား ကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ(၂၇)

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ ရာပြည့်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ဇန်နဝါရီလ(၂၇)ရက်နေ့ နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ အားကစား ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ ၊ ပါမောက္ခချုပ်များနှင့် ပါမောက္ခဌာနမှူးများ ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးက ကြိုဆိုဂုဏ်ပြု နှုတ်ခွန်းဆက် စကားပြောကြားရာ၌ စိုက်ပျိုးရေးတက္ကသိုလ်၏ နှစ်တစ်ရာပြည့်ကာလတွင် ပညာသင်ယူဆည်းပူးခွင့်ရကြသဖြင့် ဂုဏ်ပြုဝမ်းမြောက်ပါကြောင်း ၊ နိုင်ငံ၏ စားရေရိက္ခာဖူလုံပိုလျှံရေးအတွက် အဆင့်မြင့် စိုက်ပျိုးရေး သိပ္ပံပညာရပ်များကို သင်ကြားပို့ချပေးလျက်ရှိသည့် တက္ကသိုလ်အနေဖြင့် အသိပညာ ၊ အတတ်ပညာ ၊ နည်းပညာများကို ဘာသာရပ်အလိုက် စာတွေ့ လက်တွေ့ အချိုးညီညီ သင်ကြားပို့ချပေးလျက်ရှိရာတွင် မောင်တို့မယ်တို့အနေဖြင့် မိမိတို့ သင်ယူ ကြရမည့် ပညာရပ်များနှင့်အတူ ပေါင်းသင်း ဆက်ဆံမှု ၊ နေထိုင်စားသောက်မှု၊ ကျန်းမာရေး လူမှုရေးကဏ္ဍများတွင် မိမိကိုယ်ကို စနစ်တကျ ထိန်းသိမ်းပြုမူနေထိုင်တတ်စေရေးကိုပါ တပါတည်း လေ့ကျင့်ဖြည့်ဆည်းသွားကြရန်လိုကြောင်း၊ ပညာသင်ယူဆဲ ကာလအတွက် သာမက ဘဝ တစ်သက်တာတွင် အောင်အောင်မြင်မြင် လျောက်လှမ်း နိုင်ရေးအတွက် ပေါင်းသင့် သည့် မိတ်ဆွေကောင်း အပေါင်းသင်းကောင်းကို‌ ပေါင်းတတ်ရန်၊ ပြောသင့်သည့် စကားကို စနစ်တကျပြောဆိုရန် ၊ လုပ်သင့်သည့် အလုပ်ကို အောင်မြင်ပြီးမြောက် အောင် လုပ်ဆောင်ရန် ၊ သွားသင့်သည့် နေရာကိုသာ မှန်မှန် ကန်ကန်ရွေးချယ် သွားလာရန် လိုအပ်ကြောင်း၊ လက်ရှိတွင် မိမိတို့တစ်ဦးချင်း၏ အရည်အချင်း မြင့်မားရေး နှင့် အောင်မြင် တိုးတက်ရေးကြိုးပမ်းလျက်ရှိသော်လည်း ပညာသင်ယူခြင်း ကာလ ပြီးမြောက်၍ လုပ်ငန်း ခွင်ဝင်ရောက်ရာတွင် ဘာသာရပ်ဆိုင်ရာသင်ကြားရေးဝန်ထမ်းများ၊ လက်တွေ့အသုံးချ ဆောင်ရွက်သော နိုင်ငံဝန်ထမ်းပညာရှင်များအဖြစ် ကျရာအခန်းကဏ္ဍများမှနေ၍ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နေပြည်သူများ နှင့် တောင်သူလယ်သမား များ ၏ ဝင်ငွေ နှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်အောင်မြင်စွာ ဖော်ဆောင်ပေးနိုင်ကြစေရန်ရည်သန်၍ ကြိုးပမ်းအားထုတ်သွားကြရန် တိုက်တွန်းပါ ကြောင်း ပြောကြားသည်။

ဆက်လက်၍ မောင်မယ်သစ်လွင် ကိုယ်စားပြု ကျောင်းသူ တစ်ဦးက ကျေးဇူးတင် စကားပြောကြားသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဝန်ကြီးများ သည် ကျောင်းသား ကျောင်းသူများနှင့်အတူ နံနက်စာသုံးဆောင်ကြသည်။ နံနက်စာသုံးဆောင်နေစဉ် နောက်ဆုံးနှစ် နှင့် စတုတ္ထနှစ် ကျောင်းသား ကျောင်းသူများက “စိမ်းလန်းစေသော် တို့ကျောင်းတော်” သီချင်းဖြင့် ဧည့်ခံဖျော်ဖြေကြကြောင်း သိရသည်။