ရန်ကုန်တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော်၊ ဇန်နဝါရီလ (၂၀) ရက်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ဇန်နဝါရီလ (၁၉) ရက်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် နွယ်ခွေပင်မသိုလှောင်ရေး စခန်းအား ငှားရမ်း လုပ်ကိုင်လျက်ရှိကြသည့် ကောင်းကင်ကုမ္ပဏီ၊ ဂုဏ်ဟိန်းသစ်ကုမ္ပဏီ၊ ဆဌဂံကုမ္ပဏီ၊ Farm Power Co.,Ltd၊ Golden Key Co.,Ltd များ၏ မူလသတ်မှတ် ထားသည့် ပစ္စည်းများ သိုလှောင်ထားခြင်း ရှိ/မရှိ ၊ မူလရည်ရွယ်ချက်ပါ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ထိမ်းသိမ်းပြုပြင် သင့်သည်များကို ပြန်လည်ပြုပြင် ထိန်းသိမ်း ဆောင်ရွက်ကြရန်၊ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် မီးဘေးကာကွယ်ရေး အလေးထားဆောင်ရွက်ကြရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
ထို့နောက် မင်္ဂလာဒုံမြို့နယ်၊ လှော်ကား ငါးလုပ်ငန်းစခန်း တွင်ဆောင်ရွက်လျက် ရှိသည့် ပြည်တွင်း/ပြည်ပ ငါးမျိုးသစ်များ စမ်းသပ် သားဖောက်ခြင်း၊ ရှားပါးလာသည့် တိုင်းရင်းငါးမျိုးစိတ်များ ဖော်ထုတ်သုတေသနပြုခြင်း၊ ငါးသားဖောက်ခြင်းနှင့် မွေးမြူရေး နည်းစနစ်များ ပညာပေးဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက နှစ်စဉ်ငါးသားပေါက်ထုတ်လုပ်မှု လျာထားချက်ပြည့်မီ ကျော်လွန်အောင် ဆောင်ရွက်ကြရန်၊ ငါးဆေးထိုးသားဖောက် စာတွေ့လက်တွေ့သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်နိုင်ရေး၊ သားငါးရိက္ခာဖူလုံပိုလျှံရေးနှင့် ရှားပါလာသော ဒေသငါးမျိုးစိတ် များ ထိန်းသိမ်းရေး၊ သဘာဝရေပြင်တွင် ငါးသားပေါက်များ စိုက်ထည့်ပေးရေးနှင့် စီးပွားဖြစ် မွေးမြူထုတ်လုပ်နိုင်ရေးစသည့် ငါးသယံဇာတများ ရေရှည်ထုတ်ယူ သုံးစွဲနိုင်ရေး အတွက် နိုင်ငံတော်မှ စီမံဆောင်ရွက် ပေးနေမှု အပေါ် အလေးထား ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
၎င်းနောက် ဒုတိယဝန်ကြီးသည် အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရှိ ငါးလုပ်ငန်း ဦးစီးဌာနပိုင် မြေနေရာအား ငှားရမ်းလုပ်ကိုင်လျက် ရှိသည့် First Gloden Dragon Construction Co.,Ltd ၏ စီမံကိန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ ၊ ငါးစက်လှေဆိပ်ကမ်း တည်ဆောက်မည့် ဆိပ်ကမ်း နှင့် ကားလမ်းဖောက် လုပ်မည့် နေရာများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များဆွေးနွေးမှာကြားသည်။
ညနေပိုင်းတွင် မရမ်းကုန်းမြို့နယ် ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ရန်ကုန်တိုင်း ဒေသကြီး၊ တိုင်းအဆင့် စိုက်ပျိုးမွေးမြူရေး တာဝန်ခံများ နှင့်တွေ့ဆုံ၍ ဒေသဝမ်းစာဖူလုံပိုလျှံရေး ၊ မိုးစပါး နွေစပါးနှင့် ပဲမျိုးစုံ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင် အထွက်နှုန်း ရရှိရေး၊ ပြည်တွင်းစားသုံးဆီ ဖူလုံရေးအပြင် နိုင်ငံတကာတွင် လက်ရှိကြုံတွေ့နေရသည့် စားသုံးဆီ လိုအပ်ချက် ဖြည့်ဆည်း ပေးနိုင်ရေး မျှော်မှန်း ဆောင်ရွက်ရန်၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဖြင့် ဆောင်ရွက်မည့် ဆီထွက်သီးနှံ နေကြာ၊ နှမ်းနှင့်ဆောင်းမြေပဲ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကိစ္စရပ်များကို ညှိနိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။