မြန်မာ-ရုရှား စိုက်ပျိုးမွေးမြူရေးနှင့်သားငါးကဏ္ဍ ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး နှင့် လယ်ယာထွက်ကုန်အခြေခံ ကုန်သွယ်မှုမြှင့်တင်ရေးဆွေးနွေး

နေပြည်တော်၊ ဇန်နဝါရီ(၁၈)
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဇန်နဝါရီလ(၁၈)ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Mr. Iskander Azizov အား ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ၍ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား စိုက်ပျိုးမွေးမြူရေးနှင့်သားငါးကဏ္ဍ ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး၊ လယ်ယာထွက်ကုန်အခြေခံ ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ရုရှားသံအမတ်ကြီး H.E. Mr. Iskander Azizov နှင့် တွေ့ဆုံဆွေးနွေးရာ၌ မြန်မာ-ရုရှားနှစ်နိုင်ငံအကြား ငါးလုပ်ငန်းပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေး နှစ်ဘက်ညှိနှိုင်းဆောင်ရွက်မှု အခြေအနေ ၊ တတိယအကြိမ် ရုရှား−မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်မှု နှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု ကော်မရှင် အစည်းအဝေး၏ သဘောတူညီမှုများ အရ ပူးပေါင်းဆောင်ရွက်မှု အခြေအနေ ၊ မြန်မာနိုင်ငံနှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ တို့အကြား စားရေရိက္ခာဖူလုံရေးဆိုင်ရာ ဆက်စပ်ဆွေးနွေးပွဲတွင် ဆွေးနွေးပွဲ ရလဒ်အရ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်လိုသည့် ဦးစားပေးလုပ်ငန်းများ၊ မြန်မာနိုင်ငံတွင် သဘာဝ အပင်ကြီးထွားဆေးစက်ရုံ တည်ဆောက်ရန်ကိစ္စရပ် ၊ မြန်မာနိုင်ငံ၏ စိုက်ပျိုးထုတ်လုပ်ရေးတွင် သီးနှံအထွက်တိုးရန်နှင့် ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိစေဘဲ ရေရှည် တည်တံ့ကောင်းမွန်သော စိုက်ပျိုးထုတ်လုပ်ရန် ဦးတည်ဆောင်ရွက်လျက်ရှိနေမှု အခြေအနေများ၊ မြန်မာ့ ရေ၊ မြေ၊ ရာသီ ဥတု၊ သီးနှံလိုအပ်ချက်နှင့် ကိုက်ညီမှုရှိသည့် ဓာတ်မြေဩဇာများ ကို ရုရှားနိုင်ငံမှ တင်သွင်းနိုင်ရေး၊ ဆန် နှင့် ပဲမျိုးစုံအပါအဝင် မြန်မာ့လယ်ယာ ထွက်ကုန်များအတွက် ဈေးကွက်အခွင့်အလမ်း ရရှိရေး ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။