ပြည်ပကုန်ကြမ်းတင်သွင်းမှုလျော့ချပြီး ပြည်တွင်းစိုက်ပျိုး/မွေးမြူရေးထွက်ကုန်ကြမ်းများ ပိုမိုအသုံးပြုရေးဆွေးနွေး

နေပြည်တော်၊ နိုဝင်ဘာ ၁၁
မွေးမြူရေးလုပ်ငန်းသုံး အစာကုန်ကြမ်း နှင့် ငါးအစာတောင့်လုပ်ငန်းတွင် အသုံးပြုရန် ပြည်တွင်းပဲပုပ်ဖတ်နှင့် အခြားသောကုန်ကြမ်းများ အစားထိုး အသုံးပြုနိုင်ရန်နှင့် လိုအပ်သောအစာဖြည့်စွက်ဆေးဝါးများ တင်သွင်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နေပြည်တော် ရုံးအမှတ်-၃၆ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာနတာဝန်ရှိသူများ၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ငါးမွေးမြူသူများအသင်း၊ ငါးအစာထုတ်လုပ်သူများအသင်းများမှ တာဝန်ရှိသူများ၊ မွေးမြူရေးအစာကုန်ကြမ်းများ တင်သွင်းလိုသော ကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ မန္တလေး၊ ပဲခူး၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်းဒေသကြီးများမှ ငါးမွေးမြူရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာ၌ သားငါးရိက္ခာများပိုမိုထုတ်လုပ်နိုင်ရေးအတွက် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုး တက်ရန် အလေးပေး ဆောင်ရွက် လျက်ရှိကြောင်း၊ ငါးပုစွန်မွေးမြူရေးလုပ်ငန်း၏ စုစုပေါင်းကုန်ကျစရိတ် (၆၀ ရာနှုန်း မှ ၇၀ ရာနှုန်း) သည် ငါး ပုစွန် အစာတန်ဖိုး ဖြစ်သည့် အတွက် မွေးမြူရေးလုပ်ငန်းများ အောင်မြင်စေရန် ငါးအစာကုန်ကြမ်းများကို ပြည်တွင်း၌ လုံလောက်စွာရရှိရန် လိုအပ်ကြောင်း၊ အစာကုန်ကြမ်းများ ၏ ပမာဏအများစုမှာ စိုက်ပျိုးရေးထွက်ကုန်များ၏ ဘေးထွက် ပစ္စည်းများဖြစ်သော ဖွဲနု၊ ဆန်ကွဲ၊ ပဲဖတ်၊ နှမ်းဖတ်၊ ဝါစေ့ဖတ်၊ ပဲပုပ်ဖတ်၊ ပြောင်း၊မုန်ညင်းစေ့ဖတ်တို့ကို အသုံး ပြုခြင်းဖြစ်ပြီး အသားဓါတ်နှင့် ကာ ဗိုဟိုက်ဒရိတ်အရင်းအမြစ်များ အဖြစ်ထည့်သွင်းအသုံးပြုကြကြောင်း၊အဆိုပါကုန်ကြမ်းပစ္စည်းများ အရေအတွက် လုံလောက်စွာဖြင့် လွယ်လင့်တကူ ရရှိရေး၊ ကုန် ကြမ်းများ အရည်အသွေး ပြည့်မီကောင်းမွန်ရေး၊ အာဟာရဓါတ်များ အချိုးညီစွာ ပါဝင်ရေး၊ မွေးမြူသည့် ငါး ပုစွန်မျိုးစိတ်များ၏ အာဟာရဓါတ်လိုအပ်ချက်နှင့်အညီ ဖော်စပ်ထုတ်လုပ်ရေးနှင့် ထုတ်လုပ်သည့်စက်များအနေဖြင့်ခေတ်မီနည်းပညာ အသုံးပြုပြီး အရည်အ သွေးကောင်းသည့် ငါးပုစွန်အစာထုတ်လုပ်နိုင်ရေးသည် မွေးမြူရေးကဏ္ဍတစ်ခုလုံးအတွက် အရေးကြီးပါကြောင်း၊ သို့ဖြစ်၍ ယနေ့အလုပ်ရုံဆွေးနွေးပွဲတွင် ငါးပုစွန်အစာများထုတ်လုပ်မှုလုပ်ငန်း၌ အရည်အသွေးကောင်း မွန်သော သိပ္ပံနည်းကျဖော်စပ်ထုတ် လုပ်မှုများ ဖွံ့ဖြိုးလာရေး၊နိုင်ငံခြားသုံးငွေ လျှော့ချနိုင်ရေးအတွက် ပြည် ပကုန်ကြမ်းတင်သွင်းမှုကို လျှော့ချပြီး ပြည်တွင်းမှ ထွက်ရှိသည့် ကုန် ကြမ်းများကို ပိုမို အစားထိုး အသုံးပြုနိုင်ရေး အလေးပေးဆွေးနွေးသွားကြရန် တိုက်တွန်း ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှတာ ဝန်ရှိသူများ၊ အစာ ကုန်ကြမ်း တင်သွင်းလိုသည့် ကုမ္ပဏီများ နှင့် ငါးမွေးမြူရေးလုပ်ငန်းရှင်များက သက် ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများမှ တင်ပြချက်များပေါ် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
MOALI