မကွေးတိုင်းဒေသကြီး၏ လယ်ယာကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်

နေပြည်တော်၊ နိုဝင်ဘာ ၆
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ နိုဝင်ဘာ ၆ ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး ၊ တောင်တွင်းကြီးမြို့နယ်ရှိ စက်မှုဝန်ကြီးဌာန၏ ဝါကြိတ်စက်ရုံ သို့ ရောက်ရှိကြရာ စက်ရုံ တာဝန်ရှိသူများက ဝါကြိတ်စက်များ၏ ကုန်ထုတ်နိုင်မှုစွမ်းအားနှင့် ကုန်ကြမ်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက အရည်အသွေးကောင်း ဂွမ်းမွှေးများရရှိရန် အတွက် ဝါဝယ်ယူချိန်တွင် Grade ခွဲခြား ပေးသွင်းရေး တောင်သူများအား အသိပညာပေး ဆွေးနွေးပေးရန်နှင့် Grade အလိုက် မျှတသောစျေးနှုန်းဖြစ်စေရေး ထိန်းကြောင်းပေးရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရေတွင်းကောင်းကျေးရွာ အုပ်စု တွင် စိုက်ပျိုးထားသော ရွှေတောင်(၁၀) ချည်မျှင်ရှည်ဝါစိုက်ခင်းကို ကြည့်ရှုအားပေးပြီး ဒေသခံ ဝါစိုက်တောင်သူများနှင့်တွေ့ဆုံ၍ အရည်အသွေးကောင်း ချည်မျှင်ရှည်ဝါမျိုးများ တိုးချဲ့စိုက်ပျိုးရေး၊ စိုက်ပျိုးမြေ ပိုင်ဆိုင်ခွင့် လုပ်ကိုင်ခွင့်ကို တည်ဆဲလယ်ယာမြေ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ ဦးစီးဌာနအလိုက် ညွှန်ကြားရေးမှူးချုပ်များက ချည်မျှင်ရှည်ဝါအပါအဝင် သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် ကူညီဆောင်ရွက်ပေးနေမှုနှင့် နည်းပညာရပ်ဆိုင်ရာ သိမှတ်ဖွယ်ရာများကို တင်ပြဆွေးနွေးကြသည်။ တွေ့ဆုံပွဲတွင် တောင်သူများ၏ ဒေသဖွံ့ဖြိုးရေးအတွက် တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားမည့် အခြေအနေများကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။
အလားတူ ပြည်ထောင်စုဝန်ကြီး သည် မကွေးမြို့နယ် ပေပင်စမ်းကျေးရွာအုပ်စုမှ တောင်သူများ စိုက်ပျိုးထားသော မြေပဲစိုက်ခင်းကို ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများ၏ စိုက်ပျိုးလုပ်ကိုင်မှု သီးနှံအထွက်နှုန်း နှင့် ဝင်ငွေအခြေအနေများကို ခင်မင်ရင်းနှီးစွာမေးမြန်းပြီး တစ်နှစ်ပတ်လုံး စိုက်ပျိုးရေသေချာစေရေးအတွက် နေရောင်ခြည်စွမ်းအင်သုံး မြေအောက်ရေ တူးဖော် အသုံးပြုလိုပါက ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန က နည်းပညာနှင့်လုပ်အားကို အခမဲ့ ကူညီပံ့ပိုးပေးသွားမည့်အစီအစဉ်များကို ဆွေးနွေးပြောကြားသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင် နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား တွေ့ဆုံ၍ မကွေး တိုင်းဒေသကြီး၏ လယ်ယာကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်၏ စားရေရိက္ခာဖူလုံမှုဆိုင်ရာ စီမံဆောင်ရွက်မှု အတွက် ခိုင်မာစွာ အထောက်အကူဖြစ်စေမည့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကိန်းဂဏန်း စာရင်း ဇယားများ တိကျမှန်ကန်ရေး ၊ သီးနှံကုန်စည် စီးဆင်းမှု အခြေအနေများအရ ဒေသ ဝမ်းစာဖူလုံမှု၊ ဒေသတွင်းနှင့် အိမ်နီးချင်းစျေးကွက်များသို့ တင်ပို့ရောင်းချမှုတို့အပေါ် သုံးသပ်ပြီး ဘဏ္ဍာနှစ်အလိုက် စီမံဆောင်ရွက်ရမည့် လုပ်ငန်းရပ်များကို ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။
MOALI