ထိခိုက်ပျက်စီးခဲ့သော သီးနှံများ အချိန်မီပြန်လည်စိုက်ပျိုးရန် ဌာနနှင့်တောင်သူပူးပေါင်းဆောင်ရွက်မည်

နေပြည်တော်၊ အောက်တိုဘာ ၁၀
ရေကြီးရေလျှံမှုများကြောင့် ထိ ခိုက်ပျက်စီးခဲ့သော သီးနှံများ အချိန် မီ ပြန်လည်စိုက်ပျိုး နိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနရုံးများတွင် စုဆောင်းထားသည့် အရန်မျိုးများဖြင့် တောင်သူများနှင့် ပူးပေါင်းကာ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းဖြစ်ပေါ်ခဲ့သောမိုးသည်းထန် စွာဆက်တိုက်ရွာသွန်းခဲ့မှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် တစ်ချို့ရှိ မိုးစပါး၊ ဝါသီးနှံနှင့် မိုးသီးနှံများ ရေကြီးနစ်မြုပ်ကာ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။
ထိုသို့ ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သော သီးနှံများတွင် မိုးစပါးနှင့် မိုးနှောင်းချည်မျှင်ရှည် ဝါသီးနှံ ပြန် လည်စိုက်ပျိုးရန် ရာသီအချိန်ကျန်ရှိနေသဖြင့် မိုးစပါးပြန်လည်စိုက်ပျိုးရာတွင် သက်တမ်းတိုမျိုးများ ပြန် လည်စိုက်ပျိုးနိုင်ရေးနှင့် မိုးနှောင်းချည်မျှင်ရှည်ဝါ ပြန်လည်စိုက်ပျိုးနိုင်ရေး တောင်သူလယ်သမားများအနေ ဖြင့် အချိန်မီ စိုက်ပျိုးနိုင်ရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဆွေးနွေးတိုင်ပင်ဆောင်ရွက်ကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာန လက်အောက်ရှိ စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
ထို့ပြင် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ခဲ့သော မိုးစပါးစိုက်ခင်းများတွင် စိုက်ပျိုးရေးဦးစီးဌာနက သတ် မှတ်ထားသော သွင်းအားစုနှုန်းထားများအတိုင်း လိုက်နာဆောင်ရွက်ရန်လည်း တောင်သူများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနက တိုက်တွန်းထားသည်။
ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့သော မိုးစပါး စိုက်ဧရိယာများတွင် ရေ ပြန်လည်ကျဆင်းပြီး ထိခိုက်ခဲ့သော စပါးစိုက်ခင်းများအားပြန်လည်ကုစားရန် မြေဩဇာနှင့် ရွက်ဖျန်းမြေဩဇာများထည့်သွင်းခြင်း သရုပ်ပြပွဲကို နေပြည် တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ကြို့ ပင်ကျေးရွာအုပ်စု မိုးစပါးဧက ၁၀၀ ၌ ဆောင်ရွက်ခဲ့သည်။
ယင်းသို့ကုစားရာတွင် တစ်ဧကလျှင် ယူရီးယား ၂၈ ပေါင်၊ သဘာဝမြေဩဇာ ပိုတက် မြေဩဇာ ၂၈ ပေါင်၊ ကျောက်မှုန့် ၅၆ ပေါင်နှင့် ရွက်ဖျန်းမြေဩဇာ ၅၀၀ဂရမ်နှုန်းဖြင့် ထည့်သွင်း ဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်တွင်မိုးစပါးစိုက်ခင်းများ ကောင်းမွန်စွာ ဖြစ်ထွန်းလျက်ရှိပြီး သတ်မှတ်ထွက်နှုန်းများအတိုင်း ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ရေကြီးနစ်မြုပ်မှုအတွက် ထိခိုက်ခဲ့သော မိုးစပါးစိုက် ခင်းများတွင် စိုက်ပျိုးရေး ဦးစီးဌာနက သတ်မှတ်ထားသော သွင်းအားစုနှုန်းများအတိုင်း ထည့်သွင်းကုစားခြင်းဖြင့် မျှော်မှန်း ထားသော အထွက်နှုန်းများအတိုင်း ရရှိနိုင်မည်ဖြစ်သောကြောင့် မိုးစပါးထိခိုက်ခဲ့သော တောင်သူများအနေဖြင့် စနစ် တကျ လိုက်နာဆောင်ရွက်ကြရန် ထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။
ဇော်လင်းထွဋ်