ပန်းတောင်းတွင် မိုးမြေပဲနှင့်ပဲစင်းငုံ သီးညှပ်စံကွက်မှ မိုးမြေပဲတစ်ဧက ၈၆တင်းထွက်ရှိ

ပဲခူး၊ အောက်တိုဘာ - ၁၀
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပန်းတောင်းမြို့နယ်ရှိ မိုးမြေပဲနှင့်ပဲစင်းငုံ သီးညှပ်စံကွက် ၅ ဧကရိတ်သိမ်းရာတွင် မိုးမြေပဲတစ်ဧက ၈၆တင်းနှုန်း ထွက်ရှိကြောင်း မြို့ နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
အဆိုပါ စံကွက်ရိတ်သိမ်းပွဲကို ပန်းတောင်းမြို့နယ်၊ နတ်မောက်ကျေးရွာအုပ်စု၊ ရေဝင်ရွာလေး၊ ကွင်းအမှတ် ၉၈ ရှိ တောင်သူဦးကျော်ဝင်း၏ မိုးမြေပဲနှင့်ပဲစင်းငုံသီးညှပ်စိုက်ခင်း ၅ ဧကတွင် အောက်တိုဘာ ၈ ရက်က ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ တက်ရောက် ကြည့်ရှုအားပေးခဲ့သည်။
“ ကျွန်မတို့ စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ ဒေသအတွင်းမှာရှိတဲ့ တောင်သူတွေကို မျိုးကောင်းမျိုးသန့်များဖြစ်တဲ့ ဗီယက်နမ်မြေပဲမျိုးနဲ့ဆင်းပဒေသာ - ၁၁ မြေပဲမျိုးတွေကို ဖြန့် ဖြူးရောင်းချပေးပါတယ်။တိုင်းဒေသ ကြီးအစိုးရအဖွဲ့ကထုတ်ပေးတဲ့ MPE မြေဩဇာတွေကိုလည်း တောင်သူတွေကိုဈေးနှုန်းသက်သာစွာနဲ့ ရောင်းချပေးပါတယ်။ဒါပြင် စိုက်ပျိုး ရေးဆိုင်ရာနည်းပညာများ ဆွေးနွေး ပေးခြင်းနဲ့တောင်သူပညာပေးလုပ်ငန်းတွေကိုလည်း စိုက်ပျိုးရာသီအလိုက် ဆောင်ရွက်ပေးလျှက် ရှိပါတယ်” ဟု ပန်းတောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသင်းက ပြောကြားသည်။
၂၀၂၄ - ၂၀၂၅ မိုးရာသီ၌ ပန်းတောင်းမြို့နယ်ရှိကျေးရွာအုပ်စုပေါင်း ၄၀ တွင် မိုးမြေပဲ ၃၈၃၃ ဧက စိုက်ပျိုးထားပြီး ယခုအခါ ရိတ်သိမ်းမှုများ စတင်လုပ်ဆောင်နေကြပြီဖြစ်သည်။ လာမည့်ဆောင်း စိုက်ပျိုးရာသီချိန်တွင်လည်း ပန်းတောင်းမြို့နယ်တွင် ဆောင်းမြေပဲ ၆၃၇၈ ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ZLH