ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်စပါးခင်းများ ပြန်လည်ကုစားရန် သွင်းအားစုများ ထည့်သွင်းခြင်း ကွင်းသရုပ်ပြကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၃
အရှေ့ဘက်မှလာသော လေပွေလှိုင်းနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးနစ်မြုပ်၍ ထိခိုက်ခဲ့သော စပါးခင်းများအား ပြန်လည်ကုစားရန် သွင်းအားစုများထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို စက်တင်ဘာ ၂၃ ရက်နေ့ ၊ နံနက်ပိုင်းက ဇေယျာသီရိမြို့ နယ်၊ ကြို့ပင်ကျေးရွာ၊ ပင်လောင်းလမ်းမကြီးဘေး၌ ကျင်းပရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ နေပြည်တော်ကောင်စီ ဥက္ကဌ ဦးသန်းထွန်းဦး ၊ ဒုတိယဝန်ကြီးနှင့် နေပြည်တော်ကောင်စီဝင်များ ၊ ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားရာ၌ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံ၏ အရှေ့ဘက်နှင့် အနောက်ဘက်တို့တွင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်းနှစ်ခု အရှိန်ကြောင့် ပြည်တွင်းဒေသအချို့၌ ထူးကဲသည့် မိုးရွာသွန်းခဲ့မှုများကြောင့် နေပြည်တော် ကောင်စီနယ်မြေအတွင်း တောင်ကျ ချောင်းရေ၊ မြောင်းရေ ၊ ကွင်းရေများ ပြည့်လျှံပြီး ရေကြီး ရေလျှံခြင်း ဖြစ်ပေါ်ခဲ့သဖြင့် မိုးစပါးနှင့် သီးနှံစိုက်ကွင်းများ ရေကြီးနစ်မြုပ်၍ ပျက်စီး ဆုံးရှုံးမှု ကြုံတွေ့ခဲ့ရကြောင်း၊ ပျက်စီးသွားသည့် စပါးခင်းများအနေဖြင့် ဆည်ရေသောက်ဧရိယာတွင် ပါဝင်ပါက တတ်နိုင်သမျှ စပါးပြန်လည်စိုက်ပျိုးကြရန် တိုက်တွန်းလိုပါကြောင်း၊ တောင်သူများ အရန်သင့် ပြန်လည် စိုက်ပျိုးနိုင်ကြစေရန် မိမိတို့ဝန်ကြီးဌာနအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့ နယ်များ၌ စပါးပျိုးထောင်ခြင်းလုပ် ငန်းများကို စီမံဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်း၊ စပါးပြန်လည် စိုက် ပျိုးလိုခြင်းမရှိသည့် တောင်သူများအနေဖြင့် အခြား သီးနှံများ စိုက်ပျိုးလိုပါက မျိုးလိုအပ်ချက်၊ ထွန်ယက်ရေး လိုအပ်ချက်များကို သက်ဆိုင်ရာ စိုက်ပျိုးရေးရုံးများ ၊ စက်မှုလယ်ယာရုံးများနှင့် ဆက်သွယ် ဆောင်ရွက်နိုင်ကြပါကြောင်း၊
ပျက်စီးသွားသောစပါးခင်းများ ပြန်လည်စိုက်ပျိုးခြင်းနှင့် ထိခိုက်ခဲ့သည့် စပါးခင်းများ အထွက်နှုန်းလျော့နည်း မသွားစေရန် ပြန်လည်ကုစားခြင်းလုပ်ငန်းများအား အချိန် မီ စုပေါင်းဆောင်ရွက်သွားကြရန် လို အပ်လျက်ရှိကြောင်း၊ ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်စပါးခင်းများအား ပြန်လည် ကုစားရန်လိုအပ်သည့် နည်းစနစ်များကို တောင်သူများ မျက်မြင်သိရှိသွားကြရန်နှင့် လက်တွေ့ဆောင်ရွက်နိုင်ကြ စေရန်ရည်ရွယ်၍ ယနေ့အခမ်းအနားတွင် စုပေါင်းလှုပ်ရှားမှု အသွင်ဖြင့် ကွင်းသရုပ်ပြပွဲကျင်းပပေးခြင်းဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဌ က ရေကြီးရေလျှံမှုကြောင့် သီးနှံများ ထိခိုက်ပျက်စီးခဲ့မှု အခြေအနေ၊ ဒေသ၏ စားရေရိက္ခာဖူလုံမှု နှင့် တောင်သူများ၏ ဝင်ငွေလျော့ကျမသွားစေရေးအတွက် ပျက်စီးသွားသော သီးနှံစိုက်ခင်းများ ရာသီအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် ထိခိုက်ခဲ့သော စိုက်ခင်းများကို အချိန်မီကုစား ဆောင်ရွက်နိုင်ရေး အတွက် နေပြည်တော် ကောင်စီအနေဖြင့် သက်ဆိုင်ရာဌာနများ နှင့် ပူးပေါင်းဆောင်ရွက်ပေးနေမှု အခြေ အနေများကို ဆွေးနွေးပြောကြား သည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရေကြီးနစ်မြုပ်ဒဏ်ခံခဲ့ရသည့် စိုက်ကွင်းများ၌ ကြုံတွေ့နိုင်သော သီးနှံပိုးမွှားရောဂါဆိုင်ရာသိမှတ်ဖွယ်ရာများ၊ ရေကြီးနစ်မြုပ်စပါးခင်းများ ရေပြန်ကျချိန်တွင် အထွက်နှုန်းမထိခိုက်စေရန် ပြန်လည် ကုစားခြင်းလုပ်ငန်းအနေဖြင့် သွင်းအားစုများ ထည့်သွင်းခြင်းနှင့် သတိပြုသင့်သည့် နည်းပညာရပ်ဆိုင်ရာများကိုရှင်းလင်းတင်ပြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး နှင့် နေပြည်တော်ကောင်စီဥက္ကဌ တို့က ရေကြီးနစ်မြုပ်ခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေအတွင်းမှ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ပျဉ်း မနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ တပ်ကုန်းမြို့နယ်များမှ တောင်သူများအား ယူရီးယား၊ ပိုတက် နှင့် ကျောက်မှုန့် ဓာတ်မြေဩဇာများ ထောက်ပံ့ ပေးအပ်ကြသည်။
၎င်းနောက် အခမ်းအနား တက်ရောက်လာကြသော တောင်သူများ၏ မေးမြန်း တင်ပြချက်များအပေါ် တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးခဲ့ကြပြီးရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်စပါးခင်းများအား ပြန်လည်ကုစားရေးအတွက် သွင်းအားစုများ ထည့်သွင်းရန် ကြိုတင်ပြင်ဆင်မှု သရုပ်ပြခြင်း၊ ရေကြီးနစ်မြုပ်စပါးခင်းများ ပြန်လည်ကုစားရန် ရွက်ဖျန်း အားဆေးပက်ဖျန်းခြင်း ၊ ဓာတ် မြေဩဇာနှင့် သဘာဝမြေဩဇာ ရောစပ်ထည့်သွင်းခြင်း လုပ်ငန်းများ စုပေါင်းဆောင်ရွက်မှု လက်တွေ့သရုပ်ပြခြင်းတို့ကိုဆောင်ရွက်ခဲ့ကြသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း ၌ မိုးစပါး ဧက ၅၀,၀၀၀ အပါအဝင် သီးနှံစုံ ဧက ၅၅,၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ပြီး စက်တင်ဘာ ၂၄ ရက်နေ့အထိ မိုးစပါးဧက ၄၂,၀၀၀ ကျော် ရေပြန်ပေါ်လာသည့်အနက် ဧက ၃၀,၀၀၀ ကျော် ထိခိုက်ပြီး၊ ဧက၂၀,၀၀၀ ကျော် ပျက်စီးသွားကြောင်း၊ ပျက်စီးသွားခြင်းမရှိဘဲ ထိ ခိုက်ရုံသာ ထိခိုက်ခဲ့သည့် စပါးခင်းများ အထွက်နှုန်း လျော့နည်းမသွားစေရေး အချိန်မီ ပြန်လည်ကုစားခြင်းလုပ်ငန်းများ ကို တောင်သူများ စနစ်တကျ လိုက်နာဆောင်ရွက်နိုင်စေရန် ယခုကဲ့သို့ ကွင်းသရုပ်ပြသ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ယခုကျင်းပသည့် ကွင်းသရုပ်ပြပွဲအတွက် လိုအပ်သော ဧက ၁၀၀ စာ ဓာတ်မြေဩဇာများ၊ ရွက်ဖျန်း အား ဆေးများကို မာလာမြိုင်အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက် က လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
MOALI