ကူဘိုတာ ၆ တန်းသွား ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ပျဉ်းမနားတွင် သရုပ်ပြ
နေပြည်တော်၊ စက်တင်ဘာ ၅
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်အတွင်း ဒေသခံတောင်သူများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများ တွင်ကျယ်စွာအသုံးပြုလာစေရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်းဆောင်ရွက်နိုင်ရေး၊ လယ်ယာလုပ်သားရှားပါးမှု အခက်အခဲ ဖြေရှင်းနိုင်ရေးစသည့်ကောင်းကျိုးများစွာရရှိစေရန်ရည်ရွယ်၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ကူဘိုတာ ၆ တန်းသွား ကောက်စိုက်စက်များဖြင့် မိုးစပါးစိုက်ပျိုးခြင်း၊တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကို စက်တင်ဘာ ၅ ရက် နံနက် ၉ နာရီအချိန်တွင် ပျဉ်းမနားမြို့နယ်၊ ဇီးဖြူပင်ကျေးရွာအုပ်စု၊ ဇီးဖြူပင်ကျေးရွာ ကွင်းအမှတ် ၁၇၂၁ ရှိ တောင်သူဦးဇော်ဝင်း၏ လယ်မြေ ၄ ဧကတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါ ကွင်းသရုပ်ပြပွဲသို့ နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦး ၊ နေပြည်တော်ကောင်စီဝင်များ၊ တိုင်း ၊ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တောင်သူ စုစုပေါင်း ၁၁၀ ဦး တက်ရောက်လေ့လာ ကြည့်ရှု့ခဲ့ကြောင်း သိရှိရသည်။
နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ မိုးစပါးစိုက်ပျိုးရာသီ၌ ထွန်စက်နှင့်တွဲဖက်သုံး အခြောက်ထယ်ရေးစပါးမျိုးစေ့ချကိရိယာဖြင့် ဧက ၁၂၀၀ ကျော်၊ ကူဘိုတာ ၆ တန်းသွား ကောက်စိုက်စက်ဖြင့် ဧက ၆၀၀ ကျော် စိုက်ပျိုးပေးခဲ့ကြောင်း သတင်း ရရှိသည်။
AMD